Sunday, September 19, 2010

ဒီမိုကရေစီနိင်ငံဖြစ်ဖို့ နိုင်ငံရေးသမား များများလိုသည်

ရှေးဦးစွာ နိုင်ငံရေးသမားဆိုတာဘာလဲ။


နိုင်ငံရေးသမားဟူသည် တိုင်းပြည်ရပ်ရွာ၏ အထွေ ထွေ အပြားပြားသော ကိစ္စရပ်များ၏ စပ်လျဉ်း၍မှား သည်၊ မှန်သည်၊ သင့်တော်သည်၊ မသင့်တော်သည် ၊ ဘယ်သို့ဘယ်ပုံ ဆောင်ရွက်သင့်သည် စသည့်မိမိ ၏အတွေးအမြင် အယူအဆ များကို အများသိအောင် ဖြန့်ချီသူ ၊ လက်ခံလာအောင် စည်းရုံးဆွဲဆောင်သူ၊ သဘောတူသူများကို စုစည်းသူ၊ ထိုနောက် ထိုအမြင်၊ ထိုအယူအဆ များအတိုင်း အကောင်အထည် ဖော်ဖြစ်အောင် ကြိုးပမ်းသူများ ဖြစ်သည်။

ထို့နောက်…..

ဒီမိုကရေစီ။

ဒီမိုကရေစီဟူသည် အများပြည်သူတို့၏ ယုံကြည်ချက်များ၊ ဆန္ဒသဘောထား များအားဖြင့်တိုင်း ရေးပြည်ရာတို့ကို စီမံဆောင်ရွက် ရသော စနစ်ဖြစ်ရာ၊ ဒီမိုကရေစီ နိုင်ငံတစ်ခု အောင်မြင်စွာ ဖြစ်ထွန်းဖို့ အတွက် အများပြည်သူကြားက အယူအဆများကို ကိုယ်စားပြု ဖော်ပြနိုင်သည့် နိုင်ငံရေးသမားအများ အပြားလိုအပ်သည်။

တနည်းပြောသော်

တိုင်းပြည်တစ်ပြည်၌ နိုင်ငံရေးသမားများ နည်းပါးနေသရွေ့ သို့မဟုတ် နိုင်ငံရေးကိုထက်သန် တက်ကြွစ္စာ ဆောင်ရွက်လိုသူ နည်းပါး နေသရွေ့ အဲဒီတိုင်းပြည်သည် ဒီမိုကရေစီနှင့် ကင်းဝေးနေဦးမည် ဖြစ်သည်။

ကောင်းသော နိုင်ငံရေးသမား၊ မကောင်းသော နိုင်ငံရေးသမား

ယခုတလော စာနယ်ဇင်းများတွင် နိုင်ငံရေးသမားမကောင်းကြောင်းရေးသောစာတွေ အတော် များများတွေ့ရသည်။

လူတို့ထုံးစံအတိုင်း နိုင်ငံအရေးသမားများထဲမှာလည်း ကောင်းသူရော မကောင်း သူပါ ပါဝင်နေကြမည်ဖြစ်သည်။ကောင်းတာကို ကောင်းကြောင်းပြောသလို မကောင်းတာကို မကောင်း ကြောင်းပြောကြမှာလည်း သဘာဝဖြစ်သည်။

သို့သော် နိုင်ငံရေးသမားမကောင်းကြောင်းကို ၀ါဒဖြန့်သ လိုပြောလျှင်ကား နိုင်ငံရေးသမားကိုရော နိုင်ငံရေးအလုပ်ကိုပါ သိမ်းကျုံးဆန့်ကျင်သော သဘောသက် ရောက်သည်။

စင်စစ် နိုင်ငံရေးသမားဟူသည်တွင် တိုင်းပြည်ကို မိမိအယူအဆ ၊ မိမိသဘောထားများ ဖြင့် စီမံဖန်တီးခွင့်ရအောင် ကြိုးပမ်းနေသူများရော၊ စီမံခန့်ခွဲခွင့် ရရှိနေသူများပါ အကျုံးဝင်သည်။

သည်အထဲမှာ ကောင်းသူလည်းရှိမည်၊ မကောင်းသူလည်း ရှိမည်။

အရေးကြီးသည်က အဲသည် လူတွေကောင်းအောင် တော်အောင် ထိန်းကျောင်း ဖို့ဖြစ်သည်။

အဲသည်အလုပ်ကို လူထုကလုပ်ရလိမ့် မည်။လူထုကြားထဲမှ နိုင်ငံရေးသမားများများ ထွက်လျှင်၊ အဲသည်အထဲက အကောင်းဆုံး၊ အတော်ဆုံး တွေကို လူထုက ရွေးချယ်နိုင်မည်။

သည်လူတွေကို လွတ်လပ်မျှတစွာ ယှဉ်ပြိုင်စေခြင်း၊ ပြိုင်ဖက်အချင်း ချင်းရော လူထုကိုယ်တိုင်ပါ စောင့်ကြပ် ဝေဖန်ခြင်းဖြင့် ကောင်းသော တော်သော အနေအထားမှာ ယိမ်း ယိုင်သွေဖည် မသွားအောင် ထိန်းထား ပေးနိုင်မည်။

လွတ်လပ်ပွင့်လင်းသော စနစ်အောက်တွင် မကောင်းသော နိုင်ငံရေးသမား ထွက်ပေါ်ရန် ခဲယဉ်း သည်။ ထွက်ပေါ်လျှင်လည်း ရေရှည် မတည်တံ့နိုင်။

ဘယ်သူတွေနိုင်ငံရေးလုပ်ကြသလဲ နိုင်ငံရေးနယ်ပယ်ထဲသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ကြသူ တွေရှိသည်။

သို့သော် သည်နယ် ပယ်မှာ ရေရှည်နေကြသူတွေ ကတော့ နိုင်ငံရေး စိတ်ဓာတ် တကယ်စွဲမြဲခိုင်မာ သူများဖြစ်သည်။

နိုင်ငံရေး စိတ်ဓာတ်ဆိုသည်က အထက်မှာဆိုခဲ့သည့် တိုင်းပြည်ကိစ္စ ၊ ရပ်ရွာကိစ္စများမှာ အားတက် သရောပါဝင် ဆောင်ရွက်ချင်နေသည့် စိတ်ဓာတ်ဖြစ်သည်။

သည်စိတ်ဓာတ်ပြင်းထန်သူတွေသာ နိုင်ငံရေးလောကဓံ ကို ကြံ့ကြံ့ခံနိုင် ကြသည်။

နိုင်ငံရေးဆိုသည်က မပြတ်ယှဉ်ပြိုင်နေသော အလုပ်မျိုးဖြစ်ရာ တရံတခါ၌ ပြိုင်ပွဲက ကြမ်းတမ်းတတ်သည်။

စစ်ပွဲဟူသည် နိုင်ငံရေး၏ အဆက်ဖြစ်သည်ဟူသော စကားတစ်ခု လည်းရှိရာ နိုင်ငံရေးပြိုင်ပွဲတို့ မည်မျှအထိ ကြမ်းတမ်း သွားနိုင်ကြောင်း သိနိုင်သည်။

တိုင်းတပါးနှင့် ပတ် သက်သော နိုင်ငံရေးကြမ်းတမ်းနိုင်သလို ပြည်တွင်းနိုင်ငံရေးလည်း ကြမ်းတမ်းနိုင်သည်။

ထို့ကြောင့်လည်း နိုင်ငံရေးကိုစိတ်ဝင်စားကြသူများနှင့် ပတ်သက်၍ ယေဘူယျအားဖြင့် နှစ်ပိုင်း ခွဲခြားပြီး ပြောတတ်ကြခြင်း ဖြစ်သည်။


တက်ကြွလှုပ်ရှားသူ (activist) များနှင့် အားပေး ထောက်ခံသူ (sympathizer)များ။
သို့မဟုတ်
ကွင်းထဲမှာ လက်နက်ကိုယ်စီကိုင်ကာ ယှဉ်ပြိုင်တိုက်ခိုက်ကြသူ (gladiator) များနှင့် ပွဲကြည့် စင်ပေါ်က အားပေးကြည့်ရှုသူ (spectator) များဟူ၍။

တကယ်ထက်သန်တက်ကြွသူတို့သာ နိုင်ငံရေးသမားစစ်စစ်များဖြစ်လာကြသော သဘောပင်။

လုပ်ပိုင်ခွင့် သို့မဟုတ် နိုင်ငံရေးအာဏာရရှိကြသူများ

နိုင်ငံရေးအာဏာ၊ သို့မဟုတ် တိုင်းရေးပြည်ရာစီမံခန့်ခွဲမှုအာဏာကို နိုင်ငံရေးမလုပ်သူတို့ရစရာ အကြောင်းမရှိ။ ရှေးတုန်းကတော့ ကျောက်ဖျာပေါ် အိပ်ပျော်နေသူ၊ မြိုးတံခါးပေါက်သို့ လှည်းတစ်စီးနှင့် မနက်အစောဆုံး ရောက်လာသူ စသည့် ပုဂ္ဂိုလ်များကို အတင်းအဓမ္မ ရှင်ဘုရင်တင်မြှောက်တာမျိုးတွေ ရှိခဲ့ဖူးသည်။

ဒီခေတ်မှာတော့ နိုင်ငံရေးလုပ်သူများသာ အာဏာကိုရရှိကြသည်။ ဒါလည်း အံ့သြစရာအ ကြောင်းတော့မရှိ။ ဘယ်အရာမဆို လုပ်သောသူသာ ရရှိတာသဘာဝပ။ဲ သို့သော် ရပုံရနည်းတွေအမျိုး မျိုးရှိသည်။

တချို့ကတော်လှန်ရေးနှင့် အာဏာရသည်။ တချို့က အာဏာရှင်ဖခင်က လွှဲပြောင်းပေး၍အာ ဏာရသည်။ တချို့က သူတစ်ပါးထံမှ သိမ်းပိုက်ပြီး အာဏာရသည်။

တချို့က ကိုယ့်အုပ်စုကခန့်အပ်သ ဖြင့် အာဏာရသည်။ ဒီမိုကရေစီ စနစ်မှာတော့လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများတွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်သဖြင့်သာ အာဏာရရှိနိုင်ကြသည်။

အဲဒါက အငြိမ်းချမ်းဆုံး နည်း ၊ ဣနြေ္ဒအရဆုံးနည်းဖြစ်သည်။ ၀င်တာလည်း ဣနြေ္ဒရသည။်

ထွက်တော့လည်း ထိုနည်း၎င်း။

ဒီမိုကရေစီ ပြည့်ဝသောနိုင်ငံကြီးများတွင် အာဏာသက်တမ်းကုန်ဆုံးသူနှင့် အာဏာသက် တမ်းစတင်သူတို့ အကြီးအကဲအိမ်တော်မှာ ယဉ်ကျေးစွာလက်ခံကြိုဆိုကြ ၊ တည်ငြိမ်စွာနုတ်ဆက် ထွက်ခွာကြ တာတွေသည် တိုင်းပြည်၏ နိုင်ငံရေး ယဉ်ကျေးမှု မြင့်မားပုံကိုပြသည် ဂုဏ်ယူစရာ လက္ခဏာ တစ်ရပ်ဖြစ်သည်။

ဒီမိုကရေစီနိုင်ငံရေးသမား

ရွေးကောက်ပွဲနည်းလမ်းဖြင့် အာဏာရရှိသည့်ဒီမိုကရေစီ နိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်ဖို့သည်လည်း လွယ်ကူသည်တော့မဟုတ်။

လူထုထောက်ခံမှုကို ခဏတစ်ဖြုတ်လှည့်ဖြားမှုနှင့်မရနိုင်။ လူထုကြားမှာနေ လူထုအတွက်လုပ် လူထုအရေးကိစ္စမှန်သမျှမှာ သူ့ကိုရှေ့တန်းကမြင်နေရမှ လူထုက ဒါတို့လူဟုအသိအမှတ်ပြုမည်။ တို့ လူဆိုသည်တိုင်း ခေါင်းဆောင်တင် လောက်သူလား ၊ သာမန်အဆင့်လား စဉ်းစားလိမ့်ဦးမည်။

လူထု ကြားထဲက ပြဿနာတွေ အခက်အခဲတွေပြုပြင်ပြောင်းလဲစရာတွေကို သူများထက် စူးစူးရှရှမြင်တယ်၊

တွေ့တယ် ဒါပါပဲဟု ပီပီသသရုပ်လုံးဖော်တတ်၊ တင်ပြပြောဆိုတတ်၊ အများပါဝင်လာအောင် စည်းရုံး ဆော်သြကာ ဦးစီး ဆောင်ရွက် တတ်မှ၊သည်လူကတော့ အရည်အချင်းရှိသူပဲ၊ ခေါင်းဆောင် တင်မြှောက် လောက်သူပဲဟု ယုံကြည်လာမည်။

တချို့ကခေါင်းဆောင်မှုသည် နဂိုပါဟုဆိုသည်။ စင်စစ် ဦးဆောင်ချင်သည့်စိတ်ဓာတ် နဂိုပါဖြစ် ၍ အရည်အသွေးများကား နိုင်ငံရေးနယ်ပယ်အတွင်းမှာ လေ့ကျင့်ပျိုးထောင်ရင်းသာ ရရှိစမြဲဖြစ်သည်။

ဥပမာ - မိမိအယူအဆကို အများသဘောပေါက်အောင် ရှင်းလင်းပြောဆိုသော အလုပ်။

ဒါသည်ပင်မ လွယ်ပါ။ ဂရုစိုက်လေ့ကျင့်ရင်းသာ တဖြည်းဖြည်း ကျွမ်းကျင်လာနိုင်သည်။

အထက်က အရည်အချင်း နှင့်ဆက်စပ်ကာ လူတစ်ဖက်သားကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးတတ်မှုစွမ်းရည်။

ဒါလည်းအပြော အဆိုရော၊မိမိ၏လူမှုဆက်ဆံရေးဓလေ့ စရိုက်များပါထိန်းကျောင်းပြုပြင် ယူမှရနိုင် သည်။ပြီးလျှင်နောက် ထပ်အရေးကြီးသော စွမ်းရည်တစ်ခုက အင်တိုက်အားတိုက် အလုပ်လုပ်နိုင်ခြင်း ဖြစ်သည်။

ဟိုတုန်းကတော့ အောင်မြင်သော နိုင်ငံရေးသမားများနှင့်ပတ်သက်၍ ပင်ကိုဆွဲဆောင်အား (magnetism) ဆို သောစကားမျိုးသုံးလေ့ရှိသည်။

အချို့ခေါင်းဆောင်တွေမှာ လူလူချင်းဆွဲဆောင်နိုင်သည့် သံလိုက်ဓါတ် အားရှိသည်။သူတို့ကိုမြင်လျှင် သူတို့အသံကြားလျှင် သူတို့ဘက်ပါသွားတတ်သည်ဟုဆိုခြင်းဖြစ်သည်။

သို့သော် သံလိုက်ဓါတ်ကိုအလိုလိုမရပါ။အများပြည်သူအရေးကိစ္စများတွင် ဦးဆောင်ပါဝင်ရင်း လူထု၏ လေးစားယုံကြည်မှု ရလာသည်နှင့်အမျှ တဖြည်းဖြည်း သံလိုက်ဓါတ် ၀င်သလိုဖြစ်ကာ ဆွဲဆောင်နိုင်စွမ်း ရှိလာခြင်းဖြစ်သည်။

ထို့ကြောင့် နိုင်ငံရေးသမားများသည် လူထုနှင့် မပြတ်ထိတွေ့ ဆက်ဆံနေဖို့ လိုသည်။

လူအများ နှင့်သက်ဆိုင်သော ပြဿနာတိုင်းမှာ၊သူပါဝင်ဖို့လိုသည်။

သည်အတွက်အားပြည့်အင်ပြည့်အလုပ်မလုပ် နိုင်လျှင် နောက်တန်းသို့ ရောက်သွားလိမ့်မည်။

နိုင်ငံရေးဦးနှောက်

နိုင်ငံရေးသမားသည် လူထုကြားမှာမနားမနေ လုပ်ရှားနိုင်ရုံနှင့် ကိစ္စမပြီး။ ဦးနှောက်စွမ်းရည် လည်းရှိဖို့လိုသေးသည်။

နိုင်ငံရေးဦးနှောက်။ ပြဿနာတို့၏သော့ချက်ကို ရှုမြင်တတ်သောဦးနှောက်။ သည်ပြဿနာသည် “ဘာ”ဖြစ်သည်။ သည်ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ဘာတွေလိုသည်၊ဘယ် သူတွေ လိုသည်၊ဘယ်သို့ လုပ်ရမည်။အဲဒါတွေ သိဖို့လိုသည်။

အဲသည်လို သိရန်အတွက် လက်ရှိနိုင်ငံရေး ယန္တရားထဲမှာ ဘာတွေဘယ်လောက် လုပ်နိုင်သည်၊

ဘယ်အခြင်းအရာတွေကို ဘယ်လိုကွေ့နိုင်၊ရှောင်နိုင်၊ ကျော်လွှားနိုင်သည်၊ဘယ်အရာတွေက ထိလို့တို့ လို့မရ။ ဘယ်ကိစ္စအတွက်ကျတော့ ဘာတွေပါအစ အဆုံးပြောင်းလည်း ပြင်ဆင်နိုင်မှရမည်၊ စသဖြင့် ပကတိအနေအထား တွေကို အရင်ဆုံး နားလည်ထားဖို့ လိုသည်။

သည့်အပြင်၊ အဲသည်ပြဿနာတွေနှင့် စပ်လျဉ်းသည့်အတိတ်ဇာတ်ကြောင်း၊ အဲသည့်ပြဿနာအမျိုးအစားတွေကို ယခင်က ဘယ်ပုဂ္ဂိုလ်တွေ ဘယ်ပုံဖြေရှင်းအောင်မြင်ခဲ့သည်၊

တချို့လုတွေဘယ်ကဲ့သို့ လုပ်ကိုင်သဖြင့် ကျဆုံးခဲ့သည်၊ စသည့်နိုင်ငံ ရေးရာဇ၀င် တွေလည်း သိကျွမ်းဖို့လိုသည်။

သည့်အပြင် ပို၍အဆင်ြ့မင့်သော နိုင်ငံရေးသမားများမှာ ပြဿနာတစ်ခုချင်းတို့ကို သော့ချက် ရှာဖြေရှင်းတတ်သည့် ဥာဏ်အပြင်၊မိမိကိုယ်စားပြုသည့် လူထုအစိတ်အပိုင်း၊မိမိကိုယ်စား ပြုသည့်ရပ် ရွာဒေသတို့ သာမက မိမိတိုင်းပြည် တစ်ရပ်လုံး တိုးတက်ဖို့နှင့် သာယာဝပြောဖို့ အတွက် မည်သို့မည်ပုံ ဆောင်ရွက်သင့်သည်ဟူသော နိင်ငံရေး သဘောတရား အမြင်များလည်း ပြည့်စုံပီသစွာ ရှိဖို့လိုပါသည်။

အများပြည်သူ့အကျိုးစီးပွားကိုအရင်းခံထားကာ ပညာ-သတိ-သတ္တိ ရှိစွာလှုပ်ရှားဆောင်ရွက် တတ်သည့် နိုင်ငံရေးသမားတွေ များပြားလာမှသာ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်ထွန်းလာနိုင်ပါသည်။

ဖေမြင့်
ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ(၈)
19 Sep 2010

ဟစ်တိုင် စာမျက်နှာမှကူးယူဖော်ပြသည်။

No comments: