Saturday, September 11, 2010

ဆင်သေကို ဆိတ်သားရေနဲ့ဖုံး လိပ်ကိုကြမ်းပိုး ဖြစ်အောင်ပြောတဲ့ နအဖ


စက်တင်ဘာ ၄ ရက်ည သန်းခေါင် ပဲခူးနယ်မြေခံ တပ်ရင်းက အရာရှိနှစ်ယောက်နဲ့ စကားများရာကနေ စစ်သားတွေက သေနတ်နဲ့ လိုက်ပစ်လို့ ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်အရပ်သား လူငယ် ၂ ယောက် သေဆုံးသွားရတဲ့ သတင်းဟာ စစ်တပ်ရဲ့သရဲဘောကြောင်မှု၊ ရက်စက်ယုတ်မာမှုကို ပေါ်လွင်စေပါတယ်။

ဒါကို ဒီကနေ့ စက်တင်ဘာ ၁၀ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာကနေ တပ်မတော်မှာ
တာဝန်ထမ်းဆောင်တဲ့ လူငယ်တချို့နဲ့ အရပ်သားလူငယ်အချင်းချင်း ရန်ဖြစ်တဲ့ဖြစ်ရိုးဖြစ်စဉ် လို့ရေးထား ပါတယ်။

ဒါဆိုရင် တပ်မတော်သားတွေက အမြဲတမ်းအပြင်မှာထွက်ပြီး မူးယစ်ရမ်းကားအရပ်သားတွေနဲ့ရန်ဖြစ် နေ တာမထူးဆန်းဘူးပေါ့။ စည်းကမ်းပြည့်ဝတဲ့ တပ်မတော်ဆိုပြီး အသံကောင်းဟစ်မြို့ကြီးပြကြီးတွေပေါ်မှာ တောင် ရှေ့တန်းစစ်မြေပြင်လို လက်ရဲဇက်ရဲ ကြာခို၊ဓားမြတိုက်၊ မူးယစ်ရမ်းကားနေတာဟာ ပြည်သူကို အကာကွယ်ပေးမဲ့ တပ်မတော်လား။

ဒီသတင်းစာကို ဖတ်ကြည့်လိုက်ရင် ကိုယ့်အပြစ်ကို လိမ်ညာဖုံးကွယ်ဖို့ အေးချမ်းသာယာ မှုကိုမလို လားသူ တွေနဲ့ ပြည်ပမီဒီယာတွေက တိုင်းပြည်ဆူပူအုံကြွအောင်သွေးထိုးလှုံ့ဆော်တာဆိုပဲ။ ပြည်ပမီဒီယာတွေက ထုတ်တဲ့ သတင်းတွေမှာဘယ်ဟာပိုပြောသွားပါတယ်ဆိုတာ ထောက်မပြနိုင်ရှာပါဘူး။

အဖြစ်မှန်ကို တင်ပြရဲတယ်ဆိုရင် သေနတ်နဲ့ပစ်တဲ့ အရာရှိဟာ ဘယ်တပ်က ဘယ်သူဘယ်ဝါဘယ်လို ပစ်လိုက်တယ် ဆိုတာပြောပြသင့်တာပေါ့။ ခုတော့ သေနတ်ဒဏ်ရာ ၆ ချက်နဲ့၎ချက်မှန်တဲ့ အောင်သူဟိန်း နဲ့ စိုးပိုင်ဇော်တို့ရဲ့ရုပ်အလောင်းတွေကိုတောင် မိဘဆွေမျိုးတွေကို ကြည့်ခွင့်မပေးရဲတာ တရားသလား။

သတ္တိရှိတဲ့ယောကျာင်္းမှန်ရင် ဓါးဓါးချင်း လှံလှံချင်း ယှဉ်ရဲရမှာပေါ့။ ခုတော့ ဘာလက်နက်မှမကိုင်ထားတဲ့
အရပ်သားလေး ၂ယောက်ကို စစ်သား ၁၀ ယောက်က ၀ိုင်းပြီး လက်နက်အားကိုးနဲ့ပစ်သတ်တာ ကြားလို့မှ ကောင်းရဲ့လားဗျာ။ သိပ်တော့မထူးဆန်းပါဘူးလေတပ်မတော်ရဲ့ဖခင်လို့ အရှက်မရှိဆိုနေတဲ့ ဗိုလ်သန်းရွှေ ကိုယ်တိုင်တောင်အပ်တိုတချောင်းတောင် ကိုင်မထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုအသဲခိုက်ခိုက်တုန် အောင်ကြောက်တော့ လက်နက်အားကိုး အာဏာတန်ခိုးနဲ့ထောင်သွင်းအကျဉ်းချထားသေးတာဆိုတော့ လူမိုက်ရဲ့သားတွေက ရမ်းကားမှာပါပဲလေ။

ချောင်းရိုက်ရဲတဲ့သူ၊ အလစ်ဝင်သတ်ရဲတဲ့သူ၊ နောက်ကျောကို ဓါးနဲ့ဝင်ထိုးတဲ့သူ၊ ဗလအားကိုးလက်နက်အား ကိုးနဲ့ အားနည်းသူကို အနိုင်ယူတာဟာ သတ္တိရှိတဲ့သူမဟုတ်ဘူးသူရဲဘောကြောင်တဲ့သူတွေပဲ။ တကယ်သာ ခင်များတို့နအဖ သတ္တိရှိမယ်ဆိုရင်ခုဖြစ်စဉ်မှာ ပစ်ခတ်ခဲ့တဲ့ ရဲဘော်တွေရော အမိန့်ပေးတဲ့ အရာရှိကိုရော
ပြည်သူကြားနာခွင့်ရှိတဲ့ တရားခွင်မှာ စစ်ဆေးပြီး သက်သေပြပေးပါ။ဒင်းတို့ကတော့ သရဲဘောကြောင် သတ္တိ မရှိသူတွေဆိုတော့ မသိမသာနယ်ပြောင်းပေးယုံလောက်ပဲ အရေးယူမှာကို ကြိုမြင်နေပါသေးတယ်။

တကယ်လို့မှ သတ္တိရှိတယ်ဆိုရင် လက်ရုံးရည် နှလုံးရည် ယှဉ်ချင်တယ်ဆိုရင် ဦးသန်းရွှေကအစ၄သိန်း ကျော်ရှိတဲ့ တပ်မတော်သားတိုင်း ဓါးဓါးချင်း လှံလှံခြင်း လက်လက်ချင်းပုဝါမကူ ရေမရှုကြေး တပွဲတလမ်း အကဲစမ်းလိုက်ကြရအောင်ဗျာ။ကျနော်တို့ပြည်သူဘက်ကလည်း ၄သိန်းကျော်ရွေးထားပြီး စောင့်နေမယ်။

ခင်များတို့ လုပ်ရဲမယ်မထင်ပါဘူး။ ရွေးကောက်ပွဲတောင် ရှင်းရှင်းလင်းလင်းမကျင်းပရဲပဲငို့ဘ (ငါဖို့) ဥပဒေတွေနဲ့ နွားသေကြိုးတုပ်လုပ်ပြီးမှ လူကြားကောင်းတရားနာရွေးကောက်ပွဲတဲ့ဟားတိုက်ရီလိုက်ချင် သေး။

စည်းကမ်းပြည့်ဝတဲ့တပ်မတော်ဖြစ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တာပါ။ စည်းပျက်ကမ်းပျက် တပ်မတော်ရှိနေတာဟာတိုင်းပြည်အတွက် ဆူးညှောင့်ခလုတ်ဖြစ်နေတဲ့အပြင် ၀န်ထုပ်ဝန်ပိုးကြီးပဲ
မရှိတာကောင်းပါတယ်။ တကယ်မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ဒီလိုမျိုးအပြောမခံချင်ရင် ဒီစနစ်ကို တွန်းလှန်ပြီး ပြည်သူလိုလားတဲ့တပ်မတော်ဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။

သူရဲဘောကြောင်တဲ့ လူရမ်းကားတွေလက်ချက်ကြောင့် ကျဆုံးသွားတဲ့ ပဲခူးက ညီငယ် စိုးပိုင်ဇော်နဲ့
အောင်သူဟိန်းကို ဒီဆောင်းပါးနဲ့ ဦးညွတ်အလေးပြုလိုက်ပါတယ်။

မေးလ်ထဲသို့စာမူပေးပို့သည့် ကိုကို အားကျေးဇူးတင်ပါသည်

No comments: