Monday, October 4, 2010

တွေးမိတာလေး ရေးကြည့်မယ် ( ၃ )

ကျွိကနဲ ကားကို ထိုးရပ်လိုက်တယ်ဆိုရင်ပဲ ရဲ သုံး လေးယောက် ကားဘေးကို ရောက်လာတယ်။ ခရီးသည် အားလုံး လက်ကိုင်အိတ် ပိုက်ဆံအိတ်တွေထဲက တချို့ လည်း စာရွက်၊ တချို့လည်း ပိုက်ဆံလေး တွေ ထုတ်လိုက်ကြတယ်။


“လက်မှတ်ပါလား.. လက်မှတ်..” လို့ပြောလည်းပြော စစ်လည်းစစ်၊ ခရီးသည်တွေအားလုံးကို ဝေ့၀ဲ ကြည့်ရင်း ဆိုလိုက်တာက ရဲတွေပါ။ ပါတဲ့သူက ထုတ်ပြသလို မပါတဲ့သူကလည်း မျက်နှာခပ်ငယ်ငယ်ပေါ့။ ဒါ ပေမယ့် သိပ်ပူစရာတော့ မရှိပါဘူး..။

“လက်မှတ်မရှိ.. တရာ..တရာ”

လက်မှတ်မပါတဲ့ ခရီးသည် ၃ ယောက်လောက် ငွေ ၁၀၀ စီထုတ်ပေးလိုက်သလို မကျန်းမာတဲ့ ခပ်နွမ်း နွမ်း ကလေးအမေတယောက်ကတော့..

“ကျမ ကျောင်းသားဆေးခန်းသွားမလို့ ပါ။ နေမကောင်းလို့ ။ ၅၀ ပဲရှိလို့ ပါနော်” လို့ တောင်းပန်းရင် လက်ထဲက ငါးဆယ်တန်တရွက်ကို ခပ်ရို့ ရို့ ထိုးပေးလိုက်တယ်။ ရဲက တချက်လှမ်းကြည့်ပြီး ငွေ ၅၀ နဲ့  ကျေနပ်လိုက်တယ်။ အပေးအယူ အပြီးမှာတော့ ကားလည်း ချောချောမောမော ထွက်လာခဲ့တယ်။

ဒီမြင်ကွင်းက နိစ္စဓူဝ မြင်တွေ့နေရတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်က မြင်ကွင်းပေါ့။ ထိုင်းရဲတွေက တခြားမြန်မာစကားကိုသာ မတတ်ရင်ရှိမယ်။ ၁၀၀ ပေး၊ ၁၀၀ ပေး ဆိုတာကတော့ ရေလဲသုံးနေတဲ့ စကားပေါ့။ မြန်မာနယ်စပ်ဆိုတော့လည်း အပေးအယူကိစ္စတွေကလည်း အသားကျနေပြီးသား.. မြန်မာဆန်ပြီးသားပါ။

(ထိုင်းရဲနဲ့ မြန်မာတို့ရဲ့ တထောင့်တည အဖြစ်အပျက်တွေကို အားပါးတရ ရေးချင်ပါသေးတယ်။ ရယ်စရာ မောစရာတွေလည်းပါသလို ရင်နာစရာတွေ၊ ရင်မောစရာတွေ၊ ရင်ခုန်စရာတွေ၊ ရင်တုန်စရာတွေ ရင်နင့်စရာတွေ၊ ရင်ထိတ်စရာတွေ.. စုံလို့ ပါပဲ။ အဲ.. ခုတော့ရေးရဲသေးဘူးဗျ။ ဟီး)

မဲဆောက်မြို့လေးကနေ မြန်မာနယ်စပ်ကမ်းနားအရောက် လိုင်းကားနဲ့ဆို ၁၅ ဘတ်။ အသွားအပြန်ဆို ဘတ် ၃၀။ မြန်မာကမ်းအထိ ကူးမယ်ဆို စက်လှေနဲ့ဖြစ်ဖြစ် ဘောလေးပေါ် မရဲတရဲ လိုက်ပါလို့ ပဲဖြစ်ဖြစ် ကူးသွားရင် မြန်မာနဲ့ထိုင်း အသွားအပြန်မှ ၂ ဒေါ်လာလောက်ပဲ ကုန်ပါတယ်။ ဟိုဖက်ကမ်းမှာ လက်ဖက်ရည် လေးသောက်၊ မြန်မာဂျာနယ်လေးတစောင်လောက်ဝယ်ဖက်ရင်တောင် စုစုပေါင်းမှ ၃ ဒေါ်လာလောက်ပေါ့။ (ထောက်လှမ်းရေးတို့ ရဲတို့ ဘာတို့ ညာတို့ နဲ့တွေ့လို့ ဘာဘာညာညာဖြစ်ရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပေါ့ လေ)

သဘောအဖြစ်ပြောတာပါ။ ကိုယ့်လို ကိုယ့်နိုင်ငံကိုယ် ပြန်ခွင့်မသာသေးတဲ့သူများကတော့ ကမ်းနားမှာ ဟိုဖက်ကမ်းကို (အာသာပြေလေး) လှမ်းချောင်းရင်း အလွမ်းသယ်ရတာပေါ့ဗျာ။ ဟိုဖက်ကမ်းဆိုပေမယ့် သိပ် အဝေးကြီးတော့မဟုတ်ပါဘူး။ တဖက်နဲ့တဖက် လှမ်းအော်ပြီး စကားပြောနေကြတာသာကြည့်။ တယ်လီဖုန်း မလို အင်တာနက်မလို ဆက်သွယ်ရေး စာတိုက်မလိုပဲ ဟိုဖက်နိုင်ငံ ဒီဖက်နိုင်ငံ တိုက်ရိုက် ဆက်သွယ်စကား ပြောဆို နေတာများ အားကျစရာ။ နိုင်ငံခြားနဲ့ စကားပြောနေတာ ပြည်တွင်းပြောနဲ့မခြား သိပ်အဆင်ပြေတာ ကလား။

တနေရာမှာတော့ ရေလယ်ကျွန်းလို့ခေါ်တဲ့ သောင်တွေထွန်းနေတဲ့နေရာမှာ တဲအို တဲပျက်ကလေးတွေ နဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လှမ်းမြင်နိုင်ပါတယ်။ အဲဒီရေလယ်ကျွန်းက နာမည်တော့အကြီးသား။ ရာဘ လို့ခေါ်တဲ့ စိတ်ကြွဆေးတွေလည်း လက်လီဖြန့်ဖြူးတာရှိဆိုပဲ။ ဒါကြောင့် မြန်မာကမ်းဖက်က အာဏာပိုင်တချို့ အဲဒီကျွန်းကိုလာဝိုင်းတာ၊ တဲကလေးတွေကို မီးရှို့တာလည်း စီမံကိန်းတရပ်ကို အကောင်အထည်ဖေါ်တဲ့အနေ နဲ့ တချို့လည်း မြင်တွေ့ရဆိုပဲ။

ကမ်းနားရောက်တဲ့အခါ မြန်မာပြည်က ငါးခြောက်တွေ၊ ပုဇွန်ခြောက်၊ ဂဏာန်းအရှင်တွေအပြင် မြန်မာ စီးကရက်တွေ၊ အရက်ယမကာတွေ စသဖြင့်လည်း ပျံကျဈေးသည်တချို့ လာရောင်းနေတာတွေ့လို့  မြန်မာ ငါးရံ့ခြောက်၊ ပုဇွန်ခြောက်၊ နေကြာစေ့တွေကို မိတ်ဆွေအပေါင်းအသင်းတွေကို လက်ဆောင်ပေးဖို့ ၀ယ်ခဲ့ပါတယ်။


အထုပ်က နည်းနည်းကြီးပြီး ကားစီးရမယ့်နေရာကလည်း နည်းနည်းဝေး၊ နေကလည်းပူဆိုတော့ “အကို… ကားဂိတ်ကို ကျနော်လိုက်ပို့ပါရစေ” ဆိုတဲ့ ကောင်လေးတယောက်စကားကို လက်ခံလိုက်မိတယ်။ သူလည်း မုန့်ဖိုးရ.. ကိုယ်လည်း စပ်စုလို့ရ မဆိုးပါဘူးလေဆိုပြီး။

သူတထုပ် ကိုယ်တထုပ် အထုပ်ကိုယ်စီနဲ့ နေပူထဲ လမ်းလျှောက်လာရင်း သတိပြုမိတာက ကောင် လေးဟာ အသက် ဆယ်နှစ်လောက်ပဲရှိမယ်။ ဒီနေ့ စနေ တနင်္ဂနွေလည်းမဟုတ်ဆိုတော့ ကျောင်းမနေဘူး လားလို့ စပ်စုမိတယ်။

“မနေတော့ပါဘူးအကိုရာ.. အခုလို အလုပ်လုပ်ပြီး အိမ်ကိုပေးတာတောင် မလောက်ရတဲ့အထဲ..”

“မင်းအသက်ငယ်ငယ်ပဲရှိသေးတာ ကျောင်းနေရမယ့်အရွယ်ပဲကွ။ ကျောင်းမနေချင်ဘူးလား”

“အင်း--နေတော့နေချင်ပါတယ်။ ဒါပေမယ့် ကျောင်းတတ်လည်း ဘာထူးလဲအကိုရာ..“

“အမ်.. ထူးတာပေါ့ကွ.. ကျောင်းတတ်မှ ပညာတတ်မှာ.. ပညာတတ်တော့ မိဘကိုလည်း လုပ်ကျွေးနိုင်……”

“အာ..ကျောင်းမတတ်မှ လုပ်ကျွေးနိုင်တာ အကိုရ.. အခုဆို တနေ့ ၄၀-၅၀ ကအနည်းဆုံးပဲ“

“အာ.. မဟုတ်သေးဘူးလေ.. ပညာတတ်တော့ ပိုက်ဆံများများရှာနိုင်တာပေါ့..“ (ပြောသာပြောရ တယ်။ ကိုယ့်စကားကိုယ် အားသိပ်မရှိတာတော့အမှန်)

“ကျောင်းတတ်ရင် ပိုက်ဆံကုန်တယ်အကိုရ”

“အာ..မကုန်အောင် ငါပြောပေးမယ်။ ဒီနားက ကျောင်းတွေက ဆရာတွေက ငါ့သူငယ်ချင်းတွေချည်းပဲ။ မင်းအလကားတတ်ရမယ်.. တတ်မယ်မဟုတ်လား…”

“……………………………………….”

“မင်းကျောင်းတတ်မယ်ဆို လွယ်အိတ်လည်း ၀ယ်ပေးမယ်။ ဖိနပ်ရော.. စာအုပ်ရော.. အကုန် အလကားကွာ..”

“စာအုပ်.. အင်း.. အရင်က ကျနော်ကျောင်းတတ်တယ်အကိုရ.. ကျောင်းစာအုပ်တွေကို ဆန်ဝယ်ဖို့ မရှိလို့ အမေရောင်းစားလိုက်တယ်ဗျ“

“ဟာ………………………….”

“အဲဒါ ဆရာမဆူမှာစိုးလို့ ကျောင်းမသွားရဲတော့တာ”

ကျနော် ဘာဆက်ပြောရမယ်မသိတော့ဘူး။ ဒါနဲ့ ကားဂိတ်ရောက်လာလို့ ကောင်လေးကို မုန့်ဖိုးပေး ပြီး မဲဆောက်မြို့ထဲ ပြန်ခဲ့တယ်။ လမ်းတလျှောက် ကျနော်တွေးနေမိတာက..

ကလေးတွေဟာ ပညာရေးထက် စီးပွားရေးအတွက်ရုန်းကန်နေရတာ ဖြစ်သင့်သလား။

ပညာရေးအပေါ် ကလေးတွေ အလေးအနက်မထားတော့တာ တိုင်းပြည်နောင်ရေး ဘယ်လိုဖြစ်မလဲ။

ပညာရေးထက် ၀မ်းရေးခက်နေကြပြီလား

မိဘတွေကရော.. သားသမီးကျောင်းစာအုပ်ရောင်းပြီး ဆန်ပြသနာကို ဖြေရှင်းလိုက်ရတာ ကောင်းပါသလား။

မိဘတွေစိတ်ထဲ မချိတင်ကဲဖြစ်နေကြမှာ ကိုယ်ချင်းစာမိပေမယ့် မိဘတွေကိုယ်တိုင်က ကလေးတွေကို ပညာတော့ တတ်အောင် သင်ပေးသင့်တယ်ဆိုတဲ့ အတွေးတွေ လျော့ပါးကုန်ပြီလား။

ဒီကလေးတွေ ကြီးလာရင် စောစောကတွေ့ခဲ့တဲ့ ရေလယ်ကျွန်းက မူးယစ်ဖြန့်ဖြူးတဲ့သူ မဖြစ်လာပါဘူး လို့ အာမခံနိုင်မလား။ လား.. လား … လား…။

အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေတို့ …. နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်မှာတို့.. ကလေးအခွင့် အရေးတို့.. ဒီနေ့လူငယ် နောင်ဝယ်လူကြီးတို့.. စတဲ့အဆိုအမိန့်တွေ ဆောင်ပုဒ်တွေကို သတိရနေမိတယ်။

စိတ်မော လူမော ဖြစ်နေတဲ့ အတွေးတွေကာ အာရုံပြောင်းချင်တာမို့ ဖုန်းနားကြပ်လေးတပ်ပြီး သီချင်း ဖွင့်လိုက်မိတော့ ဦးသုမောင် သီချင်းသံထွက်လာတယ်။ မြို့မငြိမ်းရေးတဲ့ လူချွန်လူကောင်းသီချင်း..။

“ကလေးလေးတွေ.. ပညာရရှိဖို့တော့..ဖအမိပုံသွင် အာစရိတွေပင်…… လူချွန်လူကောင်းလေးတွေ ဖြစ်အောင် …. မြေတောင်မြှောက်ကာမြှင့်တင်…..”

သူရိန်ထက်

၎.၃.၂၀၁၀

No comments: