Wednesday, September 22, 2010
တွေးမိတာလေး ရေးကြည့်မယ်
တွေးမိတာလေး ရေးကြည့်မယ် (၁)    
      ခုတလော ခေါင်းထဲရောက်ရောက်နေတဲ့ စကားလုံးလေးတခုက “ဖြစ်ရိုးဖြစ်စဉ်” ဆိုတဲ့စကားလုံးလေးပါ။
တိတိပပ ပြောရရင် ပဲခူးပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ”နိုင်ငံတော် သတင်းစာကြီး”တွေ၊ “နိုင်ငံကျော် ဂျာနယ်ကြီး”တွေ မှာ ဖေါ်ပြရေးသားတဲ့ သတင်း (တကယ်က ဖြေရှင်းရေးသားချက်) ထဲမှာ စွဲကျန်နေတဲ့ စကားလေးပါ။ သူ့ စာသား မူရင်းအသုံးကတော့ “ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်” တဲ့။
          တွေးမိတာက တိုင်းသူပြည်သားတွေကို လက်နက်ကိုင်အဖွဲ့အစည်းကလူတွေက ပြသနာဖြစ်ရင် ဒီလိုပဲ ပစ်ခတ်နှိမ်နင်းသတ်ဖြတ်တာ ဖြစ်ရိုးဖြစ်စဉ် (ဖြစ်လေ့ဖြစ်ထရှိသောဖြစ်စဉ်) တဲ့လား။ ဒါဆို ဒါမျိုးတွေ အများကြီး ဖြစ်ခဲ့ပြီးပြီ၊ ဖြစ်နေဦးမည် လို့  သက်ရောက်နေတာပေါ့။ ဟူး..။ အင်းလေ.. ဟုတ်ပေမပေါ့။ ဒါမျိုးကို ဖုံးထား ဖိထား ခဲ့တဲ့ “ဖြစ်ရိုးဖြစ်စဉ်“ တွေလည်း ရှိခဲ့တာကိုး။
          ရန်ဖြစ်တတ်တာ လူငယ်သဘာဝ။ ဒါပေမယ့် ထစ်ကနဲရှိ သေနတ်နဲ့ ပစ်တာတော့ သဘာဝ မဟုတ်တန် ကောင်းပါဘူး။ အထူးသဖြင့် နိုင်ငံတော် အာဏာပိုင်.. စည်းကမ်းရှိတဲ့ တပ်မတော် ဆိုတာကြီးထဲက လူတွေက ဒါ မျိုးလုပ်တာကတော့ …..။
          “ဖြစ်ရိုးဖြစ်စဉ်“ တဲ့။ ကိုယ်က သတင်းရေးသူ။ သတင်းဖတ်သူ၊ ဒါမှမဟုတ် အာဏာပိုင်အဖွဲ့အစည်း။ အုပ် ချုပ်သူ၊ ကြားနေစေ့စပ်သူ.. ဒါမှမဟုတ် တာဝန်ရှိသူ.. .. သူ.. သူ.. သူ… တွေဖက်ကတော့ တခါတလေဖြစ်တာပါ။ မတော်တဆဖြစ်တာပါ.. ဖြစ်ရိုးဖြစ်စဉ်ပါနဲ့  ဆင်ခြေပေးနိုင် ၊ ကာကွယ်ပြောဆိုနိုင်ပေမယ့် အဲဒီလူငယ်တွေနေရာ မှာ အဲဒီလူကြီးတွေရဲ့ သား၊ မြေး ဆိုရင်ရော.. ဒီလိုပဲဖြစ်ရိုးဖြစ်စဉ် လို့  သဘောထားနိုင်ပါသလားလို့  တွေးမိပါ တယ်။ ကိုယ့်သား၊ ကိုယ့်ညီ ဆိုရင် ဘယ်လိုနေမလဲ။ ဘယ်လိုပူဆွေးမလဲ။ ဘယ်လို သောကရောက်မလဲ။
          ကျနော့်မျက်စိထဲမှာတော့ တီဗွီတွေ၊ ဗွီဒီယိုတွေ၊ သတင်းစာတွေ ဂျာနယ်တွေ၊ ဆိုင်းဘုတ်တွေ  ရုံးတွေ စတဲ့ နေရာစုံမှာ မြင်မြင်နေရတဲ့ တို့ တာဝန်အရေးသုံးပါးထဲက ”တရားဥပဒေစိုးမိုးရေး…” ဆိုတာကြီးကိုပါပဲဗျာ။
တွေးမိတာလေး ရေးကြည့်မယ် (၂) 
          ထားပါတော့..။ စစ်ဆေးအရေးယူမယ်ဆိုရင် စစ်ဖက်ဆိုင်ရာ ဥပဒေနဲ့ လား။ စစ်ဖက်ဆိုင်ရာဆိုရင် တပ်မတော် အက်ဥပဒေပုဒ်မ ၇၂ နဲ့ အရေးယူမလား။ အရပ်ဖက် ရာဇသတ်ကြီးပုဒ်မ ၃၀၂-၁(ခ) နဲ့  အရေးယူ မလား။ ဘာလား.. ညာလားပေါ့ခင်ဗျာ..။
          အဲ.. နောက်တယောက်..။ သူကတော့ ပစ်စေ ဆိုတာကြောင့် ပစ်လိုက်တဲ့ စစ်သားပါ။ သူ့ ကိုရော ဘာနဲ့  အရေးယူမလဲ။ အထက်အမိန့် အရ ပစ်ရတာပါ ဆိုရင် ပြစ်မှုက လွတ်သလား..။ အထက်အမိန့် … အထက်အမိန့်  တဲ့..။ ကြားနေကျ စကားရှိပါတယ်။
          “အထက်က ပေးအပ်သော တာဝန်နဲ့ ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်လျက်.. “ ဘာညာပေါ့ဗျာ..။ အဲဒီလို လူစားတွေက အထက်အမိန့် ကို လိုက်နာတာပဲ သူရဲကောင်းလိုလို လူစွမ်းကောင်းလိုလို ပြောလေ့ရှိတတ် တာပါ။ အထက်ကအမိန့် ဆိုတိုင်း လိုက်နာသင့်သတဲ့လား။
          တပ်မတော်ကို စော်ကားတာမဟုတ်သလို ဖြိုခွဲတဲ့ စကားလည်း မဟုတ်ပါဘူး (ဒီလိုစွဲချက်တွေလည်း ကြောက်ရသေး.. ) အထက်အမိန့် ကို လိုက်နာရမယ်ဆိုတာ စစ်တပ်မှာ ဥပဒေရှိပါတယ်။ “တရားသဖြင့် ပေးသော အမိန့် ကို နာခံရန်ပျက်ကွက်မှု” ဆိုလား။ ရယ်စရာ (နာစရာ)တော့ အကောင်းသားဗျ။
          ဥပမာ “၂၀၀၇ စက်တင်ဘာမှာ သံဃာတော်တွေကို ပစ်ခတ်ရန်“ အမိန့် ဟာ သူတို့ တပ်မတော်ကတော့ “တရားသဖြင့်ပေးသော အမိန့် ”လို့  ဆိုသမှုတ်လားခင်ဗျ။
ဟိုးတုန်းက (၂၀ ရာစုတုန်းကပေါ့ဗျာ) ဒေါ်စု ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်မှာ ဒေါ်စုကို ပစ်ဖို့  ပေးတဲ့ ပစ်မိန့် ကို မနာခံလိုက်တာရော..။ ရာဇ၀တ်မှုမြောက်သတဲ့လား..။
ထားပါတော့ခင်ဗျာ..။ ကျနော်အဓိက ပြောချင်တာက အထက်အမိန့် ဆိုတာကြီးပါ။ ကဲ.. အခု ပဲခူးကိစ္စ။ အထက် ဗိုလ်က ပေးတဲ့အမိန့် အတိုင်း စစ်သားက ပစ်ခတ်လိုက်တယ်။.. ဟော .. အခု ပြသနာတတ်ပြီ။ ဒီစစ်သားက မပစ်ပဲနေရင်လည်း အမိန့် မနာခံလို့ ဆိုပြီး သက်သာမယ်မဟုတ်။ အခု အမိန့် နာခံပြီး ပစ်လိုက် တော့ရော....။ ဘယ့်နှယ့်ဗျာ.. ဘယ်ဖက်က မှ မသက်သာပါလား။
ဆိုတော့.. စစ်သားလေးဖက်ကကြည့်မယ်ဆိုရင်… ။
စစ်သားလုပ်ချင်တဲ့သူတွေအနေနဲ့  ဒါလေးတော့ တွေးကြည့်စေချင်သဗျား။
ဘဘဦးတင်ဦးတို့ ကတော့ ပြောဖူးပါတယ်။ “ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တပ်မတော်မျိုး ပြန်လိုချင် တယ်“ တဲ့.။ ဒီပုံစံ ဒီအချိုးတွေနဲ့ ဆိုရင်တော့.. ။
 သူရိန်ထက်
၂၀၁၀။ စက်တင်ဘာ
စာမူပေးပို့ပေးသော ကိုသူရိန်ထက်အားအထူးကျေးဇူးတင်ရှိပါသည်။
No comments: