၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်
နိုင်ငံရေးပါတီများသည် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှ
ဟောပြောမည် ဆိုပါက ခုနစ်ရက် ကြိုတင်၍ ခွင့်ပြုမိန့် လျှောက်ထားရမည်
ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တွင်
ထုတ်ပြန်ကြေညာခဲ့သည်။
ရေဒီယိုအစီအစဉ်မှ ဟောပြောတင်ပြရာတွင်
ဟောပြောတင်ပြခွင့် အချိန် ၁၅ မိနစ် ခွင့်ပြုမည်ဖြစ်ပြီး
ရုပ်မြင်သံကြားအစီအစဉ်မှ ဟောပြောတင်ပြရာတွင်လည်း ဟောပြောချိန် ၁၅ မိနစ်
ခွင့်ပြုမည်ဖြစ်ကြောင်း နှင့် ပါတီ၏ သီချင်းများကိုလည်း ထုတ်လွှင့်လိုပါက
သတ်မှတ်ထားသည့် ၁၅ မိနစ်အချိန်အတွင်း ထုတ်လွှင့်ခွင့် ပြုမည်ဖြစ်ကြောင်း
သိရသည်။
နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရန်
မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြား
အစီအစဉ်တို့မှ ထုတ်လွှင့်လိုပါက ပါတီ၏ ဥက္ကဋ္ဌ (သို့မဟုတ်) အတွင်းရေးမှူး က
သတ်မှတ် ခွင့်ပြုပေးသည့် ရက်မတိုင်မီ အနည်းဆုံး ခုနစ်ရက်ကြိုတင်၍
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ
ခွင့်ပြုမိန့် လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် အဆိုပါစာမူသည် A4
အရွယ်အစား စက္ကူ ခုနစ်မျက်နှာထက် မပိုရကြောင်း သိရသည်။
ယင်းကဲ့သို့ လျှောက်ထားကြသည့် နိုင်ငံရေးပါတီများအား အဆင်ပြေစွာ
ဟောပြောတင်ပြ နိုင်စေရန်အတွက် နိုင်ငံရေးပါတီ တစ်ခုချင်းအလိုက်
ဟောပြောတင်ပြခွင့်ရရှိမည့် နေ့ရက်နှင့်အချိန်များကို ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့်
ညှိနှိုင်းသတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဟောပြောတင်ပြလိုသည့် စာမူကို
လိုအပ်သလို စိစစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ခွင့်ပြုမိန့်
ထုတ်ပေးခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း ပြုနိုင်ကြောင်းနှင့်
ခွင့်ပြုမိန့်လျှောက်ထားခြင်းကို ငြင်းပယ်ပါက အကျိုးအကြောင်း ဖော်ပြ၍
လျှောက်ထားသူထံ အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဟောပြောတင်ပြရာတွင် ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရသည့်
တားမြစ်ချက် ကိုးချက်ကိုလည်း သတ်မှတ်ထားရာ ယင်းတားမြစ်ချက်များအနက်
အချို့မှာ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် (သို့မဟုတ်) တပ်မတော်၏
ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောပြုလုပ်ခြင်းနှင့် လူမျိုးရေး (သို့
မဟုတ်) ဘာသာရေး (သို့မဟုတ်) လူတစ်ဦးချင်း (သို့မဟုတ်) လူအများနှင့်
ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို
ထိခိုက်စေနိုင်သည့် ဟောပြောမှု (သို့မဟုတ်) စည်းရုံးလှုံ့ဆော်မှု
ပြုလုပ်ခြင်းတို့ ဖြစ်ကြသည်။
No comments:
Post a Comment