Wednesday, September 15, 2010

၁၉၉၀ ရွေးကောက်ပွဲ လက်ကျန်ပါတီ ၁၀ ပါတီအနက် ၅ ပါတီကို ဖျက် သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ကြေ ညာ၊ ယင်းပါတီများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင်


၁၉၉၀ ရွေးကောက်ပွဲ လက်ကျန်ပါတီ ၁၀ ပါတီအနက် ငါးပါတီကို ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် စာအမှတ် ၉၈/၂၀၁၀ဖြင့် ထုတ်ပြန်ကြေ
ညာခဲ့သည်။

    ယင်းပါတီများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လည်း ပါဝင်ပြီး ကျန်ပါတီများမှာ ပြည်ထောင်စု ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ် ပါတီ၊ '၀'အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့ ဖြစ်ကြသည်။

    ယင်းပါတီများမှာ နိုင်ငံရေးပါတီ အဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခြင်း မရှိ၍ ဥပဒေအရ အလိုအလျောက် ပျက်ပြယ်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိသော အဖွဲ့အစည်းများ ဖြစ်သဖြင့် နိုင်ငံရေး ပါတီများအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

    ကျန်ငါးပါတီဖြစ်သည့် မြို (ခေါ်) ခမိအမျိုးသား ညီညွတ်ရေးအဖွဲ့၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီနှင့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့သည် နိုဝင်ဘာလ ၇ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားခဲ့ကြသည်။

    ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှ ပါတီအဖြစ် ကျန်ရှိသည့်ပါတီ ၁၀ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြို (ခေါ်)ခမိအမျိုးသား ညီညွတ်ရေးအဖွဲ့၊ '၀'အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီနှင့် ပြည် ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့ ဖြစ်သည်။

No comments: