Thursday, October 6, 2011

ကမ္ဘာ့လူရမ်းကားကြီး တရုတ်ရဲ့ ၂၁ ရာစု ကျုးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာ ပထမ ပစ်မှတ်က မြန်မာပြည်

ပကတိဖြစ်ပျက်နေတာတွေအပေါ် အခြေခံထားတဲ့ အနာဂတ် ခန့်မှန်းချက်တခုကို လေ့လာ မှတ်သားမိသလောက် ဖော်ပြလိုက်ပါတယ်။ ဒီအကြောင်းကို အနောက်အုပ်စုနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကလည်း ကြိုတင် တွက်ဆ ထားပြီးဖြစ်သလို မြန်မာ အတော်များများကလည်း သိထားပြီး ဖြစ်ပါလိမ့်မယ်။


၂ဝ၁၃ မှာ မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်ဘက်ကို ပို့လွှတ်မယ့် ရေနံနဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်းက ပြီးပါမယ်။ ပိုက်လိုင်းတလျှောက် အမြန်မီးရထားလမ်း ဖောက်လုပ်ဖို့ကလည်း ပိုက်လိုင်းစီမံကိန်းထဲမှာ ကုန်သွယ်ရေးကိစ္စလို့ နာမည်ပေးထားတာ ရှိပါတယ်။ အာဖရိကတိုက် တတိုက်လုံးနဲ့ အရှေ့အလယ်ပိုင်းကလာတဲ့ ရေနံတွေအပြင် မြန်မာနိုင်ငံက ဂက်စ်တွေဟာ အဲဒီ ပိုက်လိုင်းတွေကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို သယ်ယူမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အနည်းဆုံး ၈ဝ % ဖြစ်နေတော့ အင်မတန် တန်ဖိုးကြီးမားတာကြောင့် တရုတ်က ဒီကိစ္စမှာ နည်းနည်းလေးမှ အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ လောင်စာ စွမ်းအင် စပြတ်တာနဲ့ တရုတ်စီးပွားရေး ပျက်စီးရာက အစပြုပြီး လူထုအုံကြွမှုတွေ ဆင့်ကဲဆင့်ကဲ ကြီးထွား ပေါက်ကွဲလာတဲ့အခါ တရုတ်တပြည်လုံး ပြိုကွဲသွားနိုင်လို့ ဖြစ်ပါတယ်။

၂ဝ၁၉ မှာ ပြီးမယ်ဆိုတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာကို တရုတ်က သူတို့ကိုယ်တိုင်တည်ဆောက်၊ သူတို့ကိုယ်တိုင် ကိုင်တွယ်မောင်းနှင်ပြီး နှစ် ၃ဝ ပြည့်ပြီးရင် မြန်မာနိုင်ငံကို လွှဲပြောင်းဖို့ (BOT agreement – Build, Operate, Transfer) စာချုပ်မှာ ရှိပါတယ်။ ရေနံနဲ့ ဂက်စ်ပိုက်လိုင်းကို ထိန်းသိမ်းနိုင်ဖို့က သိပ်အဓိကကျတာကြောင့် မြစ်ဆုံဆည် စီမံကိန်းမပြီးခင် တည်ဆောက်ဆဲကာလမှာ ဆည်တည်ဆောက်တာကို ကာကွယ်ဖို့ဆိုပြီး တရုတ် စစ်တပ်က နည်းလမ်းအမျိုးမျိုးနဲ့ ကျူးကျော် ဝင်ရောက်လာနိုင်ပါတယ်။ လိမ်လည်လှည့်ဖျားမှုတွေနဲ့ ဟန်ဆောင်လို့ မရရင်တော့ ဗြောင်ကျကျ ဝင်ရောက် မလာဘူးလို့လည်း မပြောနိုင်ပါ။ တရုတ်ကျူးကျော်ဖို့ မြန်ဆန်သွားအောင် နေပြည်တော်ဘက်မှာဆို လေယာဉ် ဆင်းတက်လို့ရတဲ့ ကားလမ်းကျယ်ကြီးတွေကလည်း အဆင်သင့် ရှိနေသလို ဖြစ်သွားပါတယ်။

အိန္ဒိယသမုဒ္ဒရာဘက်က တရုတ်ကုန်တင်သင်္ဘောတွေကို စောင့်ရှောက်နိုင်ဖို့ အကြောင်းပြုပြီး
၂၁ ရာစုနှစ် တရုတ်ကျူးကျော်မှုက မြန်မာနိုင်ငံမှာတင် ရပ်သွားမှာ မဟုတ်ဘဲ ကျန်တဲ့ အာဆီယံနိုင်ငံ အားလုံးကို ခြိမ်းခြောက်လွှမ်းမိုးပြီး နောက်ထပ် ကျူးကျော်ဖို့ ရှိလာနိုင်ပါတယ်။ ဒါဟာ ထိုင်ဝမ်နဲ့ Spratly ကျွန်းစုကို သိမ်းပိုက် နိုင်ဖို့အတွက် ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ထဲက ကျွန်းငယ်ပေါင်း ၄၅ ကျွန်းလောက်ရှိတဲ့ Spratly ကျွန်းစုဟာ ရေနံနဲ့ ဂက်စ်တွေ အမြောက်အမြား ထွက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ထိုင်ဝမ်နဲ့ တရုတ်တို့က ဒီကျွန်းစုကို ပိုင်ဆိုင်ဖို့ ပြင်းပြင်းထန်ထန် အငြင်းပွားနေပါတယ်။ ဒါကို အင်အားသုံး ဖြေရှင်းမှ ရနိုင်မယ်လို့ တရုတ်က တွက်ဆထားပါတယ်။

ဒါဟာ တရုတ်ရဲ့ အရှေ့နဲ့ အရှေ့တောင်အာရှ မဟာဗျူဟာ အကြမ်းထည်ပါ။ အိန္ဒိယနိုင်ငံကို ကြားညှပ်မယ့် တောင်အာရှ မဟာဗျူဟာနဲ့ တောင်-မြောက် ကိုးရီးယားကျွန်းဆွယ်တခုလုံးကို သိမ်းပိုက်မယ့် အရှေ့မြောက် မဟာဗျူဟာတို့ကလည်း အသီးသီး ရှိပြီးသား ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရဟာ နှစ် ၅ဝ ကနေ နှစ် ၁ဝဝ နှစ်ရှည် စီမံကိန်းတွေအတွက် မဟာဗျူဟာ ထားရှိ လုပ်ဆောင်လေ့ရှိပါတယ်။ လက်ရှိတရုတ်ဟာ အခုဆိုရင် မှန်းထားတာထက် ပိုမိုမြန်ဆန်ပြီး ချမ်းသာလာလို့ အရှိန် ပိုကောင်းလာနေပါတယ်။

တရုတ်ဟာ ၂၁ ရာစု မဟာအင်အားကြီးနိုင်ငံဖြစ်ဖို့ ရည်မှန်းချက်အတွက် နယ်မြေချဲ့ထွင်သိမ်းပိုက်နိုင်ရေးမှာ ဆယ်စုနှစ် ၂ ခု ကြာအောင် သူတို့ အကုန်အကျခံ လက်သပ်မွေးထားတဲ့ မြန်မာပြည်ကနေ စတင်ခြေလှမ်းတော့မှာ ဖြစ်ပါတယ်။ သိပ်လိုအပ်လာရင် ဒီထက်မက မြန်မြန်ဆန်ဆန်လုပ်ဖို့ ရှိလာနိုင်ပါတယ်။ လုပ်ပြီဆိုရင်လည်း တရုတ် ကွန်မြူနစ်ပါတီဟာ ဘာမှဂရုစိုက်မှာ မဟုတ်ပါ။ တရုတ်ကွန်မြူနစ်ပါတီအစိုးရမှာ အပြောတမျိုး အလုပ်တမျိုး လုပ်တဲ့အကျင့်၊ ဗြောင်လိမ်တဲ့အကျင့်၊ အနိုင်ကျင့်လိုတဲ့အကျင့်၊ ခိုးကြောင်ခိုးဝှက်လုပ်တဲ့အကျင့်၊ ကျေးဇူးကန်းတဲ့ အကျင့်၊ ဂုဏ်သိက္ခာမဲ့တာကို မရှက်မကြောက်တဲ့အကျင့်၊ ဝန်မခံဘဲ ဆင်ခြေဆင်လက် အလွန်များတဲ့အကျင့်၊ လူမိုက်မွေးတဲ့အကျင့် စတဲ့ မကောင်းတဲ့ အကျင့်ပေါင်းစုံ ရှိနေတာ တကမ္ဘာလုံး သိနေကြပါတယ်။ ဒီလိုရမ်းကား လာနေတာကို တကမ္ဘာလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းတိုက်ရမယ့်အဖြစ်ပါ။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာ စိုပြေအောင် တကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းနေချိန် အခြားတဘက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီအစိုးရဟာ သူ့လိုဘကို ဖြည့်ဆည်းဖို့ ကမ္ဘာကြီးကို ဖျက်ဆီးနေပါတယ်။

တနေ့က Facebook မှာ မိတ်ဆွေတဦးက အိုင်းစတိုင်းရဲ့ ကိုးကားချက်တခုကို ဖော်ပြလာပါတယ်။

The world will not be destroyed by those who do evil, but by those who watch them without doing anything.

Elbert Einstein

လူဆိုးလူရမ်းကားတွေကြောင့် ကမ္ဘာကြီးက ပျက်ဆီးမှာ မဟုတ်ပါဘူး။

သူတို့ရမ်းကားနေတာကို ဘာမှဝင်မတား၊ မနှိပ်ကွပ်ဘဲ ကြည့်နေသူတွေကြောင့်သာ ကမ္ဘာကြီး ပျက်စီးရပါလိမ့်မယ်။

ကျနော်တို့ဟာ ကမ္ဘာကြီးပျက်သွားမှ လိုက်ပြင်ရမယ့်အစား လူရမ်းကားတွေ ကမ္ဘာကို မဖျက်ဆီးခင် သူတို့ကို တားမြစ်နှိပ်ကွပ်တာက ပိုပြီး လွယ်ကူသက်သာပါလိမ့်မယ်။ ကဲ.. ကျနော်တို့ ဒီလူရမ်းကားတွေကို ဘယ်လို တားဆီးနိုင်ကြမလဲ။
http://www.yeyintnge.com/2011/10/blog-post_550.html မှကူးယူဖော်ပြသည်။
လွင်အောင်စိုး
၎-၁ဝ-၂ဝ၁၁


Thursday, September 29, 2011

နော်အုန်းလှနှင့်အဖွဲ့ န၀ဒေးရုပ်ရှင်ရုံအနီး နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပွား

ရန်ကုန် (၂၆.၉.၂၀၁၁)

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု လေးနှစ်မြောက် ဖြစ်တဲ့ ယနေ့နေ့လည်မှာ ရန်ကုန်မြို့တော်တ၀ိုက် လှုပ်ရှားမှု တချို့ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ တူညီဝတ်စုံ ၀တ်ဆင်ထားသူ ၁၀၀ ခန့်ဟာ မြောက်ဥက္ကလာကနေ ရန်ကုန်မြို့လယ်ကို သွားရောက် စုဝေးလှုပ်ရှားဖို့ အသွားမှာ လုံခြုံရေးတွေရောက်ရှိတားဆီးခဲ့တာလို့လည်း သိရပါတယ်။
”နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တီရှပ်ဆင်တူဝတ်ဆင်ထားတဲ့ လူ ၁၀၀ ကျော်က လူစုပြီး မြို့ထဲကို ချီတက်ဖို့ လုပ်နေတာဗျ။ အဲဒီအချိန်မှာ လုံခြုံရေး ရဲကားတွေ ရောက်လာပြီး ပိတ်တားကြတာ” လို့ ရန်ကုန်မြို့ မြောက်ဥက္ကလာ န၀ဒေးလမ်းဆုံ၊ န၀ဒေး ရုပ်ရှင်အနီးမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို မြင်တွေ့ခဲ့ရသူတဦးက ပြောပြပါတယ်။
လုံခြုံရေးရဲကား (၇)စီးခန့် လာရောက်တာဆီးခဲ့တာဖြစ်ပြီး စုစုပေါင်း လုံခြုံရေးအင်အား ၃၀၀ နီးပါးရှိတယ်လို့လည်း သိရပါတယ်။ စုပေါင်းလှုပ်ရှားဖို့ လူစုပြီး မြို့ထဲသွားဖို့ ကားတွေပေါ် ရောက်ရှိနေချိန်မှာ လုံခြုံရေးတွေက ၀ိုင်းဝန်းပိတ်ဆို့လိုက်တာ ဖြစ်ပြီး ရှေ့ဆက်တိုးခွင့်မရအောင် အင်အားအပြည့်နဲ့ တားမြစ်တဲ့ အပြင် လူ ၃ယောက်တတွဲ ၄ ယောက်တတွဲ လူစုခွဲစေခဲ့တယ်လို့လည်း သိရပါတယ်။
စုဝေးလှုပ်ရှားသူတွေက....ရွှေဝါရောင် တော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ် နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကိစ္စနဲ့၊ ဧရာဝတီအရေးကိစ္စ စတဲ့ အချက်တွေကို တောင်းဆိုဖို့ ဖြစ်တယ်လို့လည်း သိရပြီး အင်အား ၁၀၀ ကျော်ရှိတဲ့ ယခုလှုပ်ရှားသူတွေထဲကို နော်အုန်းလှ က ဦးဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်အထိ အခြေအနေတွေဟာ ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့တာမရှိပဲ ပြေပြေလည်လည် ဆွေးနွေးညှိနှိုင်းလုစုခွဲခဲ့ကြတယ်ဆိုပေမယ့် နောက်ထက် ဒီလို လှုပ်ရှားဆောင်ရွက်မှုတွေ တခြားအဖွဲ့၊ တခြားနေရာတွေမှာ ဆက်ဖြစ်လာနိုင်ခြေရှိတယ်လို့လည်း ခန့်မှန်းပြောဆိုနေတာတွေရှိနေပါတယ်။
(ရန်ကုန်အထူးသတင်းထောက်)

Monday, September 19, 2011

လောက်ကောင်များသို့

မောင်ကိုဦး

အခုတလော (ပိုတိကျအောင် ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း၊ နအဖ တဖြစ်လဲ အစိုးရသစ် အာဏာဆက်တည်မြဲ သွားတဲ့နောက်ပိုင်း) ကိုယ့်ကိုယ်ကို ဒီမိုကရေစီသမားပါလို့ ခေါင်းမြီးခြုံထားသူတွေထဲမှာ ဒီမိုကရေစီတိုက်ပွဲကြီးကို ပြိုကွဲစေအောင်၊ အချင်းချင်းသွေးကွဲအောင်၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လူထုအကြား သို့လောသို့လော အထင်မှားအောင် အကွက်ကျကျ သပ်လျှိုထိုးနှက် တိုက်ခိုက်တဲ့ နအဖ အာဏာပိုင်တွေ သဘောခွေ့ မနောတွေ့စေမယ့် ဆောင်းပါးတွေ၊ ပစ်စာတွေ၊ အတော်များများ ထွက်ပေါ်လာတာကို စိတ်မသက်သာဖွယ် တွေ့မြင်လာရပါတယ်။ (စေတနာမှန်နဲ့ တင်ပြဆွေးနွေးသူများကို မဆိုလိုပါ)

အထူးသဖြင့်တော့ တချိန်က(၂၀၁၀ရွေးကောက်ပွဲကာလအထိ) ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီမိခင်လိုတမျိုး၊ သူရဲကောင်း လိုတသွယ်၊ ကိုးကွယ် ဆည်းကပ်ရာ အဖြစ်တဖုံ၊ ဦးခေါင်းပေါ်တင်ထားမတတ် ပြောဆိုခဲ့သူတွေ၊ ဒေါ်စုအရိပ်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက် ဖြစ်စေ ခိုလှုံ စားသောက်နေသူတွေကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထားပြီး ရည်ရွယ်ချက်ရှိရှိ ထိုးနှက် တိုက်ခိုက်လာတာတွေကို တွေ့မြင်လာရခြင်းပါပဲ။

ထူးခြားတာက အရင်တုန်းက (တခြားခေါင်းဆောင်တွေ ရှေ့ဆင့်နောက်ဆင့် ထွက်လာပေမယ့်)မပြောခဲ့ဘဲ ဒေါ်စုထွက်လာမှဘာလို့ပြောကြတာလဲ။ ၂၃နှစ်လုံးလုံး တိုက်ပွဲပျော်လိုလို၊ နိုင်ငံရေးသမား တော်လှန်ရေးသမားလိုလို အရေခြုံခဲ့ကြသူတွေက အခုမှ ပွဲလန့်တုန်း ဖျာခင်းတဲ့ကိစ္စဟာ ရိုးသားရဲ့လားလို့ တွေးစရာဖြစ်လာပါတယ်။ နအဖ ခြေကုပ်ခိုင်သွားပြီလို့ ယူဆပြီး ဘက်ပြောင်းချင်လို့လား၊ ခြံခုန်ကောင်းအောင် မျက်နှာပြောင်တိုက်တာလား။ ကျားရိုးသွေးတိုက်တာပဲ ခံလိုက်ရ လို့လား။ မူလကတည်းက ဒီအကြံနဲ့ ဒီလိုရံခဲ့ကြတာလား။ ဒီလိုရေးသားပြောဆိုတာတွေဟာ ရိုးသားမှု ရှိရဲ့လား၊ လိပ်ပြာလုံရဲ့လား ဆိုတာကိုတော့ မှန်ရှေ့မှာ ကိုယ့်မျက်စေ့ကိုယ်တိုင်ရဲရဲကြည့်ပြီး မေးကြည့်နိုင်ဖို့တော့ လိုနေတာ အမှန်ပါပဲ။

ဒီဆောင်းပါးဟာ ဒေါ်စုနဲ့ ခေါင်းဆောင်တွေကို ထိလို့ ဆတ်ဆတ်ထိမခံ၊ အဝေဖန်မခံနိုင်လို့ ပြန်ချေပတဲ့ သဘောတော့ မဟုတ်ဘူး။ ဝေဖန်သင့်တာ ဝေဖန်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဝေဖန်သူဟာ ပညာဥာဏ် စဉ်းစားဥာဏ်ရှိပြီး ရန်သူ့လူမဟုတ်တဲ့ ရိုးသားစိတ်ရှိသူဆိုရင်တော့ ကာလံဒေသံ အဂ္ဂံ ဓနံ ဆိုတာတွေကို တွေးချင့်မယ်လို့ ယူဆမိပါတယ်။ တကယ်ကောင်းစေချင် ပြင်စေချင်တဲ့ စိတ်ကောင်းနှလုံးကောင်း ရှိသူ မှန်ရင်တော့ ဒီလို မီဒီယာက ပေါ်ပြူလာဖြစ်ရေး ဦးတည်ပြီး ဖွတာ ရေးတာမျိုး မလုပ်ပဲ သက်ဆိုင်ရာ ခေါင်းဆောင်တွေဆီ တိုက်ရိုက် ရေးသား အကြံပြု တင်ပြ ဆွေးနွေးတာမျိုး လုပ်ကြမှာ အမှန်ပဲ။ ဒေါ်စုကိုယ်တိုင်က လူထုအသံ ကြားချင်ပါတယ်ဆိုတာ လူထုရဲ့ ဝေဖန်အကြံပြုတင်ပြ တာကို လိုလားလက်ခံ တံခါးဖွင့်ထားတာပဲ မဟုတ်လား။

“ဘာပဲဖြစ်ဖြစ် ဝေဖန် အကြံပြုတာပဲ။ မှန်တယ်လို့ ထင်တာကို တင်ပြပြောဆိုရဲရမယ်။ ဒါသူရဲကောင်းစိတ်ဓါတ်ကွ။ ဒီမိုကရေစီပဲ။ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ရှိတယ်“ ဆိုပြီး ဟုတ်လှပြီထင်တလုံးနဲ့ ငါ့စကား နွားရ ပြောဆိုရေးသားနေကြတာလည်း တွေ့ရပါသေးတယ်။ ဝေဖန်အကြံပြုတယ်ဆိုတဲ့နေရာမှာ စိတ်စေတနာကောင်းနဲ့ အကြံပြုတာလား၊ အထင်ကရတွေကို ထိပါးစော်ကား ဝေဖန်လိုက်ရင် ပါမွှားကနေ အထင်ကရ ဖြစ်လာမလားဆိုပြီး တိုက်ခိုက်တာလား ခွဲခြားဖို့တော့ လိုပြန်တယ်။ မှန်တယ်ထင်တာကို တင်ပြ ပြောဆိုတာလား။ သူများမြှောက်ပေးလို့ ကြားဖူးနားဝ အခြေအမြစ်မရှိပဲ ဆင်ကန်းတောတိုးလုပ်နေတာလားဆိုတာလည်း သုံးသပ်ဖို့ လိုပြန်တယ်။ ဒီမိုကရေစီ ဒိမိုကရေစီဆိုပြီး ဒီမိုကရေစီကို မြတ်နိုးတာလား။ ဒီမိုကရေစီ ဆေးဆိုးတာလားဆိုတာလည်း ၀န်ခံရဲဖို့ လိုပြန်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပေါက်လွတ်ပဲစား ပြောဆိုခွင့်နဲ့တော့ မတူဘူးဆိုတာကိုတော့ သတိချပ်စေချင်တယ်။

ကိုယ်က ဟုတ်မယ်ထင်တဲ့သတင်းလေးနည်းနည်းရရုံ၊ ဒီလိုလေးတော့ ဖြစ်မယ်ထင်တယ်လို့ တွေးမိရုံ၊ ဒီလိုဆော်လိုက်လို့ကတော့ ငါတော့ နာမည်ကြီးတော့မယ်၊ပွဲဆူတော့မယ်လို့ ယူဆရုံနဲ့ အတင်းကာရော ရေးသင့်မသင့် ချင့်ချိန်ဖို့ လိုပါတယ်။ ဟုတ်မဟုတ် တိကျဖို့ လိုပါတယ်။ ရန်သူကဖြန့်တဲ့ သတင်းမှားကို အဟုတ်ထင်ပြီး စွတ်မတင်မိဖို့ လိုပါတယ်။ ဟုတ်တဲ့သတင်း၊မှန်တဲ့အကြောင်းအရာ ဖြစ်တယ်ဆို ရင်တောင် ဒီလို ဖေါ်ထုတ်ရေးသားရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာတော့ တွေးဖို့ သင့်ပါတယ်။ ရေးချင်တိုင်းရေးလိုက်လို့ အမျိုးသားရေး စိတ်ဝမ်းကွဲစရာ၊ ဒီမိုကရေစီရေး ပြိုကွဲေ၀၀ါး တွေဝေ တွန့်ဆုတ်စရာဖြစ်မယ်ဆိုရင် ဆင်ခြင်ဖို့ လိုလာပါလိမ့်မယ်။ တချို့ကိစ္စ တွေမှာ မီဒီယာက “ဖွ” မယ့်အစား စိတ်စေတနာကောင်းနဲ့ သက်ဆိုင်သူတွေဆီ တိုက်ရိုက်ဆွေးနွေးတင်ပြရင်ပိုအကျိုးရှိနိုင်တာမျိုးကိုလည်း ထည့်သွင်းစဉ်းစားစေချင်ပါတယ်။

ဒီနေရာမှာ စကားစပ်လို့ ဆရာလူထုစိန်ဝင်းရဲ့ သတင်းစာပညာသောင်းပြောင်းထွေလာထဲက ကောက်နှုတ်တင်ပြချင်ပါတယ်။ တိုက်ရိုက် မဟုတ်တောင်၊ တိုင်းပြည်၊ လူမျိုးနဲ့ချီပြီး ထိခိုက်နစ်နာစေတာမျိုးမဟုတ်တာ ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်လျှောက်နေတဲ့တိုက်ပွဲ တော်လှန်ရေးအတွက် မထိခိုက် မနစ်နာရအောင် ဆင်ခြင်သတိပြုသင့်တာလေးတွေ ဆင့်ပွားတွေးခေါ်နိုင်အောင်ပါ။

“တိုင်းပြည်အကျိုးစီးပွား လူမျိုးရဲ့အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့သတင်းမျိုးဆိုရင် ဘယ်လောက်ပဲမှန်တဲ့သတင်း၊ ကောင်းတဲ့သတင်းဖြစ်ဖြစ် ၊ သတင်းစာသမားတွေဟာ သတင်းကို လုံးဝဖျောက်ပစ်လိုက်တတ်ကြပါတယ်။ အင်္ဂလိပ်နယ်ချဲ့ လက်အောက်က လွတ်မြောက်ဖို့ တိုက်ခိုက်နေကြတဲ့ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ပအကူအညီရှာဖို့ တိတ်တဆိတ် နိုင်ငံခြားကို ထွက်ခွာ သွားခဲ့ ပါတယ်။ နောက်တော့ ဂျပန်မှာ စစ်သင်တန်းတက်ဖို့ လူငယ်လူရွယ်တွေကို တိတ်တဆိတ်စုဆောင်းပြီး တစ်သုတ်ပြီးတစ်သုတ် ဂျပန်ကို ပို့ပေးခဲ့ပါတယ်။ ဒီကိစ္စတွေကို နယ်ချဲ့အစိုးရရဲ့ ပုလိပ်နဲ့ရဲစုံထောက်တွေ မသိကြပေမယ့် မျိုးချစ်မြန်မာတွေနဲ့ သတင်းစာဆရာတွေကတော့ ရိပ်မိ သိရှိနေကြပါတယ်။ ဒါပေမဲ့ ဘယ်သတင်းစာကမှ လေသံလေးတစ်သံတောင် ထွက်မလာရလေအောင် သတင်းတွေကို ဖျောက် ထား ခဲ့ကြ ပါတယ်။

ဂျပန်တော်လှန်ရေးကာလမှာ ဗိုလ်မှူးကြီးဗထူးဟာ မလွှဲမရှောင်သာတဲ့အကြောင်းများကြောင့် တစ်နိုင်ငံလုံးအတွက် သတ်မှတ် ထားတဲ့ ရက်မတိုင်မီမှာ စောပြီး ဂျပန်ကို တော်လှန်တိုက်ခိုက်ခဲ့ရပါတယ်။ အဲဒီအခါမှာ ဂျပန်တွေကို လှည့်စားဖို့အတွက် ဗိုလ်မှူးကြီး ဗထူးက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဂျပန်ရုပ်သေးမြန်မာအစိုးရကိုပါ ဆန့်ကျင်ပုန်ကန်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး တပ်ဖျောက် သွားခဲ့ ပါတယ်။ ဒီသတင်းရဲ့ ဇာစ်မြစ်အမှန်ကိုလည်း သတင်းစာဆရာတွေရော မြန်မာတမျိုးသားလုံးပါ သိနေကြတာပါပဲ။ ဒါပေမယ့် ဒီသတင်းကိုလည်း ဂျပန်တွေမသိအောင် မြန်မာတမျိုးသားလုံးက ဖျောက်ထားနိုင်ခဲ့ကြပါတယ်”

၆ နှစ်မက လူထုရှေ့က ဖယ်ရှားထိန်းသိမ်းခံထားရသူက ၄-၅လ အတွင်းမှာ အရာခပ်သိမ်းနီးပါးကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာ… ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆိုတာကိုလည်း ဝေဖန်အကြံပြုပါတယ်ဆိုတဲ့သူတွေ စဉ်းစားစေချင်ပါတယ်။ဒေါ်စုပြောတဲ့ထဲမှာ မှားသွားတာတွေရှိမယ်။ ကိုယ့်အယူအဆနဲ့ မတူတာတွေရှိမယ်။ အခြေအနေအချိန်အခါအရ ထိန်းသိမ်းပြောဆိုလုပ်ကိုင်တာတွေဟာ ကိုယ့်သဘောနဲ့ မတိုက်ဆိုင်တာ၊ မတူညီတာတွေရှိမယ်။ ဝေဖန်ခွင့်ရှိပါတယ်။ အကြံပြုခွင့်ရှိပါတယ်။ ဒါပေမယ့် ဘာကြောင့်ဒီလိုပြောသလဲ။ ဘာကြောင့်ဒီလိုလုပ်သလဲ။ ကိုယ်မသိ ကိုယ်မတွေးမိတဲ့ အခြေအနေ ရှုထောင့်တွေရှိနေလား။ ချင့်ချိန်စေလိုပါတယ်။ ကိုယ်က ပညာဥာဏ် ရှိသူမို့ ဝေဖန်မယ် ဆိုရင်လည်း ပညာတတ်ပီပီ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်မြင်တာ၊ ကိုယ်လုပ်စေချင်တာကို တဖက်သား လက်ခံလာအောင် ပြောဆိုရေးသားတင်ပြတဲ့နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တိုးတိုးတိတ်တိတ် ဝေဖန်အကြံပြုသင့်ရင် ပြုရပါမယ်..။ တင်ပြ ဆွေးနွေးတာဟာ တိုက်ခိုက်တာနဲ့ မတူပါဘူး။ မြှောက်တင်လိုက် ရိုက်ချလိုက်လုပ်တာမျိုးဟာ ဘောလီဘောပွဲအတွက် အသုံးတည့် ကောင်းမွန် ပေမယ့် နိုင်ငံရေးဝေဖန်အကြံပြုတာဟာ ကစားပွဲမဟုတ်တာကို သတိပြုပါဦးလို့ ဆိုချင်ပါတယ်။ ကိုယ်က ခေါင်းဆောင်တွေ လုပ်တာ အားမရပဲ ခေါင်းဆောင်တွေထက်ပိုတွေးခေါ်နိုင်ပြီး တိုင်းပြည်အကျိုးအတွက် ခေါင်းဆောင်တွေ မှားနေတာကို ပြုပြင်လာအောင် ဝေဖန်အကြံပြုတယ်ဆိုရင်လည်း ခေါင်းဆောင်တွေ လိုက်နာနိုင်အောင် နည်းနာလေးတွေတော့ သုံးဖို့လိုအပ်မယ်ဆို သုံးသင့်ပါတယ်။ သိုသိပ် လျှို့ဝှက်စွာ တင်ပြခဲ့ပြီးပြီ။ မပြုပြင် မလိုက်နာလို့၊ မီဒီယာက ဒီလိုဖွင့်ချပြောဆိုဖို့ တကယ်လိုအပ်တယ်လို့ ယူဆပြီးတင်ပြရတာမျိုးဆိုရင် တော့ သဘောတော်အတိုင်းပဲ ရှိပါစေလို့ဆိုရမှာပါပဲ။

(ဘေးထိုင်ဘုပြောနဲ့ ကိုယ်တိုင်က ဘာမှ အဖြစ်ရှိအောင် မလုပ်ပဲ ထိုင်ဝေဖန်နေရင်တော့ ကိုယ့်တန်ဖိုးကိုယ် နားလည်ဖို့ ကောင်းပါတယ်။) ကိုယ်တိုင်က ဘယ်အတိုင်းအတာအထိ ဆောင်ရွက်နေသလဲ။ ကိုယ်ရော တာဝန်ကျေရဲ့လား။ စေတနာရော မှန်ရဲ့လား။ ဆိုတာကိုတော့ ဦးစွာ သုံးသပ်ပါဦး။ ကိုယ့်ကိုယ်ကို အရင်ဝေဖန် ပါဦးလို့ ပြောပါရစေ။ ကိုယ်က ဘယ်ဘက်ကလဲ။ ဘယ်လိုလူမျိုးလဲ ။ စဉ်းစားစေချင်ပါတယ်။ ဒီနေရာမှာ ဆရာတင်မိုးရဲ့ကဗျာတပုဒ်ကို ဖတ်ကြည့်စေချင်ပါတယ်။



ဘယ်ကရဲဘော်လဲ

တင်မိုး

သူ့မယုံရ ကိုယ့်မယုံရ

သံသယတွေပိုက်

ဟိုတစ သည်တစပြိုကွဲ

ဘယ်ကရဲဘော်ဖြစ်မှာလဲ။

တီးတိုးတီးတိုး

သဖန်းပိုး

ကွယ်ရာတမျိုး ရှေ့တမျိုး

ခြေထိုးမတော် ချော်လို့လဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။

နေရာပိုင်မှု အပြိုင်လု

လူထုအတွက် ပြည်သူ့အတွက်တဲ့

အရှက်ကနည်း၊ သွေးကခွဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။

ခြေပုန်းခုတ်လို့ ဂုတ်ပေါ်တက်

မျက်နှာနှစ်ဖက် လျှာနှစ်ခွ

နှစ်ဖက်လွှနဲ့ သတ်လျှိုခွဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။

တင်မိုး ၁၆.၃.၂၀၀၀ (ကြာသာပတေး ညနေခင်း)

ဒေါ်စုတို့ လုပ်သမျှ အကုန်မှန်ပါတယ်လို့ မဆိုလိုပါဘူး။ အမှားတွေ ရှိတာပါပဲ။ လမ်းများများလျှောက်သူဟာ ခလုပ်တိုက်မိတတ်ပါတယ်။ ကိုယ်က လမ်းကောင်းရောက်ဖို့ လမ်းဝင်မလျှောက်ပဲ ဘေးက ထိုင်နေမယ်ဆိုရင်တောင် “ဟော ခလုပ်တိုက်ပြီ။ တိုက်မှာပေါ့ အသုံးမှ မကျပဲ” လို့ ထိုင်ပြောနေမယ့်အစား “ခလုပ်တိုက်တော့မယ်.. ဘယ်လို ဘယ်သို့ ရှောင်ကွင်းပြီးတော့သွား” လို့ အကြံကောင်းပေးခဲ့သင့်တာပေါ့။

ဒေါ်စုဟာ သိကြားမင်းမဟုတ်ပါဘူး။ ဥုံဖွဆရာလည်း မဟုတ်ပါဘူး ။ မိန်းမသားတဦးပါ။ အနှစ်၂၀ ကျော် တာဝန်ထမ်းဆောင်ပြီးပြီ။ တာဝန်မကျေခဲ့ဘူးလား၊ ရာနှုန်းပြည့်မဟုတ်တောင် ယေဘူယျအားဖြင့် သူ မှန်ခဲ့တာတွေ ထည့်မတွက်တော့ဘူးလား၊သူမပါပဲနဲ့ ဖြစ်နိုင်သလား။ မျက်စိတဆုံးမကြည့်ဘဲ (မျက်ကန်းအကြား မျက်ကန်းအမြင်နဲ့) ကုန်းမအော်မိဖို့လိုပါတယ်။ ဒေါ်စု နောက်ဆုံးအကြိမ် ပြန်လွတ်လာပြီး နောက်တနေ့လူထုနဲ့ တွေ့ဆုံပွဲမှာ “ကျမကို ၀ိုင်းတာဝန်ပေးတာကို မကြောက်ပါဘူး၊ တာဝန်မကျေမှာပဲ ကြောက်တာပါ” လို့ ရိုးရိုးသားသား ပြောခဲ့တာလေးကိုတော့ သတိပြုစေချင်ပါတယ်။

ဘယ်အထိ လုပ်စေချင်တာလဲ။ နိုင်ငံရေးလုပ်တာဟာ ဘောလုံးကန်နေတာ မဟုတ်ပါဘူး။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ဖို့ဆိုတာ လူထုအားပါဖို့လိုပါတယ်။ လူထုထဲမှာ ဝေဖန်သူကိုယ်တိုင်လည်း လူထုဆိုတာ မမေ့သင့်ပါဘူး။ ကိုယ်ရော လုပ်နိုင်ပြီလား။ လုပ်နိုင်သလား။ လုပ်တတ်သလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ လူထု အထောင်အသောင်းကို မစည်းရုံးနိုင်ရင်နေပါ။ ပြည်ပမှာ ပေးစာကမ်းစာလေး လက်ဖြန့်နေရုံမဟုတ်ပဲ ပြည်တွင်းမှာ လူ၁၀၀ ပြည့်အောင် ကိုယ့်ကို ထောက်ခံအောင် လုပ်နိုင်ပြီလားလို့ ပြန်မေးစရာရှိပါတယ်။ အဲဒီလောက်လုပ်နိုင်ပါတယ်ဆိုရင်တော့ အဲဒီသူကို အားရပါးရ ကြိုဆိုလိုက်ချင်မယ်။ လူထုအတွက် လမ်းပြဦးဆောင် ပေးမယ့် အရည်အချင်းပြည့်တဲ့ ရိုးသားတဲ့ခေါင်းဆောင်ကောင်းတွေ အင်မတန် လိုအပ်နေတာမဟုတ်လား။ ဒီလိုမှမဟုတ်ပဲ ကိုယ့်လို ပုလင်းတူ အချင်းချင်းတောင် လက်ဆယ်ချောင်းပြည့်အောင်၊ ညီညွတ်အောင် စည်းရုံးနိုင်ပါရဲ့လားလို့ပဲ ကိုယ့်ကိုယ်ကို ပြန်မေးစေချင်ပါတော့တယ်။

“ကျုပ်တို့က ဝေဖန်တဲ့သူ၊ အကြံပြုတဲ့သူ၊ နိုင်ငံရေးခေါင်းဆောင် လူထုခေါင်းဆောင်မဟုတ်ဘူး။ ကျုပ်တို့လုပ်ဖို့ မလိုဘူး။ သူပဲလုပ်ဖို့လိုတယ်ဗျ“ ဆိုပြီး ဆင်ခြေပေးမယ်ဆိုရင်တော့ ကိုယ့်အဆင့်ကို ကိုယ့်ဘာသာနားလည်ဖို့ကောင်းပြီလို့ပဲ ဆိုပါရစေ။

ဆွေးနွေးဝေဖန်ပါ။ ဒါပေမယ့် ရေးသားဝေဖန်ဆွေးနွေးသူတွေဟာ ရိုးသားရဲ့လား။ စေတနာ မှန်ရဲ့လား။ ရိုးသားစေတနာမှန်ပြီး ဒီမိုကရေစီတိုက်ပွဲအပေါ် သစ္စာမဖေါက်သူတွေဆို ရန်သူဝမ်းမြောက်အောင် ဒီလို သွေးခွဲစာတွေ ရေးပါ့မလား။ ရေးသူတွေဟာ ဒီလူတွေ မှားနေတယ်ဆိုရင် ဘာလို့ လွန်ခဲ့တဲ့ ၂၃ နှစ်လုံးလုံး မပြောပဲ ဘာတွေငုံပြီး နှုတ်ပိတ်နေခဲ့ကြတာလဲ။ အခုမှ ဥာဏ်အလင်းပေါ်ပြီး တရေးနိုး ထအော်တာဆိုရင်လည်း အခြေအနေနဲ့ အချိန်အခါကိုသုံးသပ်ပြီး ကိုယ့်လုပ်ရပ်ကို ဆုံးဖြတ်ဖို့ လိုပါတယ်။ “ဟိုတုန်းထဲက ပြောမလို့၊ ပြောဖို့သင့်မသင့်၊ အကြံပြုဖို့ သင့်မသင့် သုံးသပ်ရင်း အချိန်ကုန်ခဲ့တာပါဆိုရင်လည်း ဒီလောက်အချိန်ကြာကတည်းက တွေးတောဆင်ခြင်နိုင် သူဆိုရင်လည်း ကိုယ့်စေတနာမှန်နဲ့ တင်ပြပြောဆိုမှုကို ဘယ်လိုတယ်ပြမှ ထိရောက်မယ်ဆိုတာကို သိမှာအမှန်ပါပဲ။ အခုလို မီဒီယာက ထိုးဖွ လိုက်ခြင်းအားဖြင့် (၁) ရန်သူဝမ်းသာမယ်။ (၂)ကိုယ့်အချင်းချင်းကြား သွေးကွဲပြီး ညီညွတ်မှုပျက်ပြားမယ်။ (၃)ပန်းတိုင်ေ၀၀ါးကုန်မယ်။ (၄)ကိုယ့်မှာ ဗျူဟာတွေရှိမယ်ဆိုရင်တောင် လျှို့လျှို့ဝှက်ဝှက် ကြံစည်ဆောင်ရွက်သင့်တဲ့ကိစ္စတွေရှိခဲ့ရင် အဟောသိကံဖြစ်ပြီး အကျိုးယုတ်ကုန်မယ် ဆိုတာမျိုးလောက်တော့ ထည့်တွက်သင့်မယ်ထင်ပါတယ်။ရန်သူက အခြေခိုင်ပြီထင်ပြီး ခြေလှမ်းယိုင် ခြံခုန်ဖို့ ကြိုးစားတဲ့သူ၊ မူလကတည်းက သပ်လျှိုဒလံမို့ ဇာတိရုပ်ပြလာတဲ့သူအတွက်တော့ အထွေအထူးပြောစရာမလိုပါဘူး။

တခု ပြောလိုတာက မြန်မာလူထုရဲ့တော်လှန်ရေး၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သွေးစည်းညီညွတ်မှု၊ ဒီမိုကရေစီ မြတ်နိုးမှု၊ သစ္စာရှိမှု၊ တာဝန်သိမှု၊ ကြိုးစားရုန်းကန် အနစ်နာခံမှုတွေကြောင့် စစ်အာဏာရှင်တွေ ဘယ်လိုပဲ အောက်လမ်း အထက်လမ်း နည်းအမျိုးမျိုး သုံးပြီးချေမှုန်းချေမှုန်း ဒီနေ့အထိ တိုက်ပွဲအရှိန်မသေသေးဘူး။ ဒီမိုကရေစီတိုက်ပွဲ မကျဆုံးသေးဘူး။ မြင့်မြတ်တဲ့ ခွပ်ဒေါင်းအလံမလှဲ ရဲရဲရင့်ရင့် တလွှင့်လွှင့်ပျံနေတုန်းဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ရှေ့ဆက်မတက်နိုင်ဘူးဆိုရင်တောင် နောက်မဆုတ်ပဲ ရတဲ့နေရာက ကျားကုတ်ကျားခဲ မားမားမတ်မတ်ရပ်တည်ပြီး ဒူးမထောက် အညံ့မခံစတမ်း ရပ်တည်နေကြတာကိုတော့ ဥက္ခောမပြုသင့်ဘူးဆိုတာပါပဲ။ ဆရာတင်မိုးကဗျာတပုဒ်ကို ထပ်ကိုးကားပါရစေ။

ခွပ်ဒေါင်းခင်းတဲ့လမ်း

တို့တိုင်းပြည်က ကမောက်ကမ

ခေတ်နောက်ကျလို့ ပက်လက်လန်

ယက်ကန် ယက်ကန်

တော်လှန်ဟေ့ တော်လှန်

အသံကမြည်ဟိန်း။

ကျောချင်းခွာ၊ ဖျာချင်းလု

ဘယ်သူ့ကိုတော်လှန်ရမလဲ

လက်စမသိမ်း။

ပန်းတိုင်ပျောက်ပါလို့

လှမ်းကိုင်ထောက်စရာ မရှိပြီ။

လက်ညှိုးတွေ ပြန်လှန်ထိုး

ယိုးစွပ်ကြသည်။

သွေးနဲ့လောင်းခဲ့ကြတဲ့

ခွပ်ဒေါင်းတို့ အာဇာနည်

ပြန်လှန်၍ကြည့်စမ်း

ကိုယ်ကျိုးကို ဘယ်မငဲ့

ခင်းခဲ့တဲ့လမ်း။

မင်းတဲ့တဲ့လှမ်း။

တင်မိုး ၁၆.၃.၂၀၀၀ (ကြာသာပတေး ညနေခင်း)

ဒီခေါင်းဆောင်တွေ လမ်းလွဲနေပါတယ်ဆိုရင် ရေးသားဝေဖန်သူတွေမှာ လမ်းမှန်တွေရှိပါသလား။ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့ ကောင်းမွန် မှန်ကန်ပြီး လက်တွေ့ကျတဲ့ အစီအမံ တွေရှိသလား။ နည်းဗျူဟာ မဟာဗျူဟာကောင်းတွေရှိပါသလား။ ရှိခဲ့မယ်ဆိုရင်လည်း စေတနာမှန်နဲ့ ရိုးသားသူတွေဆိုရင်(အထက်မှာ ပြောခဲ့သလို) ပထမ ဒေါ်စုနဲ့ အဖွဲ့ချုပ်၊ ဒီမိုကရေစီ အင်အားစုတွေဆီ တင်ပြမယ်။ တင်ပြရဲ့သားနဲ့ (ကိုယ့်အယူအဆအရ) လက်မခံပဲ လမ်းလွဲသွားနေတယ်ထင်ရင် အဲဒီအခါမျိုးမှာမှ မီဒီယာက ဖွင့်ချချင်သပဆို ဖွင့်ချပေါ့။ ဘယ်နှစ်ခါလောက် တင်ပြခဲ့ဖူးပါသလဲ။ ဘယ်နှခါလောက် စေတနာမှန်မှန်နဲ့ အကြံပြုတင်ပြခဲ့ဖူးပါသလဲလို့ မေးဖို့ရှိလာပါတယ်။

တချို့လည်း တင်ပြအကြံပြုတာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို မီဒီယာကဖွင့်ချရေးသားလိုက်တဲ့အတွက် ကိုယ်လုပ်မယ့်အလုပ် က မှန်ကန်ကောင်းမွန်တယ်ဆိုရင်တောင် ရန်သူ့အတွက် ကြိုတင်ပြင်ဆင်ပိတ်ဆို့ဖို့ လုပ်ပေးလိုက်သလို ဖြစ်မသွားပေဘူးလား။

အကြံပြုတင်ပြသူတချို့က နည်းလမ်းလေးတွေတော့ ရေးဖူးတာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒါဟာလက်တွေ့နဲ့ အံဝင် ခွင်ကျဖြစ်နိုင် မဖြစ်နိုင် ပြန်သုံးသပ်စေချင်ပါတယ်။ ဘယ်ဘုရားမှာ ဘာလုပ်၊ ဘယ်လိုအဓိဌာန်ပြု၊ ဟိုလူက ဟိုလိုလုပ်။ ဒီလူက ဒီလိုလုပ်၊ ဟိုလူက ဟိုမှာနေ ဒီလူက ဒီမှာနေ ဆိုတာမျိုးနဲ့ ကိုယ့်ကိုယ်ကို ဗေဒင်ဆရာလိုလို၊ စခန်းမှူးလိုလို၊ ဘုရားကိုးဆူဆရာလိုလို စီမံနေရာချနေတဲ့ အကြံဥာဏ်မျိုး ကတော့ ကိုယ့်အချင်းချင်းမပြောနဲ့ ရန်သူတောင် ထိုင်ရယ် နေလိမ့်မယ်ဆိုတာတော့ တွေးဖို့ ကောင်းပါတယ်။ ဟိုနိုင်ငံမှာ ဟိုလိုလုပ်လိုက်လို့ အောင်မြင်တယ်ဆိုပေမယ့် ဒီနိုင်ငံမှာ ဒီလိုလုပ်ရုံနဲ့ အောင်ပါ့မလား။ အောင်ခဲ့ဖူးလား။ လက်တွေ့ကျကျ သုံးသပ်ဖို့ လိုလာပါတယ်။ ကိုယ်ဥာဏ်လေး တထွာတမိုက်နဲ့ ဟုတ်လှပြီဆိုပြီး ကလေးကလားဗျူဟာကိုင်၊ ထိုင်ဆဲနေရင်တော့ နိုင်ငံရေး ကံကြီးထိုက်တတ်ပါတယ်။

ပြန်စဉ်းစားပါ။ ကိုယ်စေတနာဟာရိုးသားပါရဲ့လား။ တဖက်အုပ်စုက ခိုင်နေပြီထင်လို့ ဘက်ပြောင်းဖို့ မျက်စပစ်တဲ့သဘောလား။ ဒါမှမဟုတ် အရင်ထဲက အဲဒီဖက်သားတွေဖြစ်ခဲ့ပြီး အခုလို အပြောင်းအလဲကာလမှာ ခါတော်မှီ ထိုးစစ်စင်တာလား။ ကိုယ်သိသလောက်လေးနဲ့ ပိုင်ပြီထင်ပြီး ပေါ်ပြူလာ လုပ်ချင်တာလား။ ကိုယ်ဟာ မြန်မာ့ဒီမိုကရေစီတိုက်ပဲအတွက် ဖျက်ပိုးလား၊ လောက်ကောင်လား။ နိုင်ငံရေး မိစ္ဆာကောင်တွေဖြစ်နေပြီလား။ နိုင်ငံရေးကံကြီးထိုက်ရုံမက နိုင်ငံရေး ပါရာဇိက ကျမယ့်သူလား။

ဝေဖန်သူတိုင်းကို အပြစ်မပြောလိုပါဘူး။ စိတ်စေတနာကောင်းနဲ့ ဝေဖန်အကြံပြုကြတာ အများအပြားပါ။ နိုင်ငံချစ်စိတ်၊ အမျိုးသားစိတ်၊ ဒီမိုကရေစီစိတ် မွန်မြတ်တဲ့စိတ်နဲ့ ဝေဖန်အကြံပြုကြသူတွေကို လေးစားပါတယ်။ ချီးကျူးပါတယ်။ ပဲလှော်ကြား ဆားညှပ်ဆိုသလို သစ္စာဖေါက်လောက်ကောင်တွေကြောင့် ညီညွတ်ရေးပျက်ပြား၊ ခေါင်းဆောင်မှုေ၀၀ါး အနှစ် ၂၀ကျော် တော်လှန်ခဲ့တဲ့ မြင့်မြတ်တဲ့သွေးတွေနဲ့ ထုဆစ်နေတဲ့ သမိုင်းဝင် တော်လှန်ရေးကြီးကို အိုးမဲအသုတ်မခံနိုင်လို့ ပြန်လည် တင်ပြဆွေးနွေးရခြင်းဖြစ်ပါတယ်။

ဝေဖန်သူတွေထဲမှာ မှန်ကန်သူတွေရှိပါတယ်။ ပညာရှိသတိဖြစ်ခဲ မှားသွားတာမျိုးလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒီလိုလူမျိုးအတွက်တော့ မန်လည်ဆရာတော် (မဃဒေ၀ပျို့) ထဲမှာ

ဥာဏ်ရှိယောက်ျား၊ မှားလတ်သောခါ ဆေးလွန်နာကို

ဆရာနောက်ဆက် အကုခက်သို့ ဖျက်၍အမြဲ ပယ်နိုင်ခဲ့၏။ လို့ ဆိုခဲ့သလို ဥာဏ်ရှိယောက်ျားဆိုရင် ဆေးမလွန်ခင် ဆင်ခြင်စေချင်တဲ့ စေတနာနဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ပဲ မုဆိုးတပိုင်း မိန်းမရိုင်းကြီးတွေလို စိတ်ရူးဝင်ပြီး အာဃာတပြင်းပြင်း အညှိုးအတေး သိပ်တင်းနေကြသူတွေကိုတော့.. ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ထဲက စကားအတိုင်း…..

ဥာဏ်ဝင်္ကန္တ၊ ယုတ်မာလှသော၊ အမိုက်မအတတ်၊ သင်းကြံ၍သတ်သည်ကား၊ ဆက်ဆက်မုချ၊ မှန်တော့သည်။

သို့စဉ်မျှလောက်၊ မထောက်မဆ၊ ကြံရက်သည့်မိန်းမအား၊ မရသ၍ သူမမေ့ရှာပြီ။

ရှေ့သို့သံသရာ ဖြစ်တိုင်းမှာပင် လောင်စာရန်ငြှိုး၊ မီးဆက်၍ပျိုးမည်ကြောင့်… မိန်းမဆိုးအမုန်း သည်မျှနှင့် တုံးစေတော့.. လို့သာ မေတ္တာပို့ရတော့မယ် ထင်ပါရဲ့။

ဒီထက်ဆိုးတဲ့ သူတွေအတွက်တော့ ခပ်ရှင်းရှင်းပဲ ပြောရရင် ပုလင်းတူအချင်းချင်းကြား မြှောက်စားခံရလည်း မဆိုးလှဘူးအမြင်ကြံနဲ့ မိစ္ဆာဥာဏ် တထွာတမိုက်သုံးပြီး ရန်သူကြိုက် မျက်စပစ်၊ “ခွေးအ” ချင်း လက်ခုပ်ချူ ၊ ယုတ်ညံ့တဲ့စိတ်ဓါတ်နဲ့ ဒီမိုကရေစီပန်းတိုင်ပျက်အောင် ဘယ်လိုပင်အဆိပ်ခတ်ပေမယ့် လူထုခေါင်းဆောင်တွေအတွက်ကတော့ “ရွှေလရောင် ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ” ဆိုသလိုပဲလို့ ပြောလိုက်ချင်ပါတယ်။

သရော်စာလိုလို ကလော်စာလိုလို အရေးအသားတွေနဲ့ နိုင်ငံရေးက၀ိလိုလို ဟန်ဆောင်ပြီး ဒိမိုကရေစီကို အမဲဖျက်ဖို့ကြံသူတွေအတွက် ဆရာဝင်းတင့်ထွန်းရဲ့ ကဗျာတပုဒ်နဲ့ လက်ဆောင်ပေးရင်း နိဂုံးချုပ်လိုက် ပါတယ်။

ခွေးတကောင်အကြောင်း
ဝင်းတင့်ထွန်း

ခွေးဆိုတာ

မွေးတဲ့အရှင်

သခင်အကြိုက်

ကိုက်ရ ဟောင်ရ

မာန်ဖီရ

ဗီဇကိုက တိရိစ္ဆာန်။

မှန်တယ် မှားတယ်

ဘယ်သို့ ဘယ်ဝါ

မသိပါ။

သိလည်းအလကား

ဘေးဖယ်ထား

စားရတဲ့ဘက် အမှန်ပင်

ကျွေးတဲ့ဘက်က နေမြဲပင်။

အိမ်ကြီးရှင်က

အစာချကျွေး

ခွေးကိုမွေးတာ

သူ့အိမ် သူ့ခြံ

ကာကွယ်စေဖို့

စောင့်ကြပ်ဖို့

ထိန်းသိမ်းပေးဖို့

ဟောင်ပေးဖို့။

သည်ကြားထဲ

အားမရသေး

ကျားရိုးသွေးတိုက်

ကိုက်စမ်း၊ မိုက်စမ်း

ရမ်းလိုက်စမ်းဟေ့

စေ့ဆော်ထပ်ဆင့်

သွေးထိုးပင့်သော်။

မည်းမည်းမြင်ရာ

ထင်ရာထိုးလိုက်

ဟိန်းလိုက် ဟောက်လိုက်

မာန်ဖီလိုက်နဲ့

ခွေးမိုက်တကောင် နာမည်ကျော်။

မောင်ကိုဦး

Sunday, May 8, 2011

ဒေါ်ရှု့ (သို့) နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်သူ

မြန်မာပြည် အကျဉ်းထောင်တွေထဲမှာ  စစ်အာဏာပိုင်များက ၁၉၈၈ နောက်ပိုင်း အဆက်မပြတ် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း နှစ်ထောင်ကျော် ရှိနေတယ်ဆိုတာ လူတိုင်းသိတဲ့ အချက်တခုပါ။ မြန်မာစစ်အာဏာပိုင်တွေရဲ့ အကျဉ်းထောင်ဆိုတာကလဲ နေရထိုင်ရတာကအစ တကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်တို့အထိ အစစခက်ခဲပင်ပန်းလှတဲ့ အခြေအနေတွေနဲ့ပါ။ အထူးသဖြင့်တော့ မိမိတိုဒေသ ရပ်ရွာနဲ့ ဝေးလံတဲ့ အကျဉ်းထောင်တွေကို အာဏာပိုင်များက အစီအစဉ်ရှိရှိ ပို့ဆောင်ထားတာက ပိုမို ခက်ခဲစေပါတယ်။








ဒီအခက်အခဲများကို တတ်နိုင်သမျှ လက်လှမ်းမီသမျှ လိုက်ပါဆောင်ရွက် စောင့်ရှောက်နေသူ တဦးကတော့ ဒေါ်ရှု (ခေါ်) ဒေါ်ရှုသင်း ဖြစ်ပါတယ်။
ဒေါ်ရှုဟာ အသက် (၆၁) နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်းမြို့နယ် စည်းရုံးရေးမှူး တဦးလည်း ဖြစ်ပါတယ်။ သူမဟာ  အကျဉ်းသားစောင်ရှောက်ရေး လုပ်ငန်းကို ရွှေဝါရောင်တော်လှန်ရေးအပြီးမှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အကျဉ်းသားပေါင်း တရာဝန်းကျင်ကို စောင့်ရှောက်နေဆဲ ဖြစ်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးကာလ ငွေကြာရံကျောင်းတိုက်၊ မဂ္ဂင်ကျောင်းတိုက်၊ နန်းဦးကျောင်းတိုက်၊ ပုဇွန်တောင် ရွှေတောင်ကျောင်းတိုက် စတဲ့ကျောင်းတိုက်များကို အာဏာပိုင်စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်လို့ ယူဆရတဲ့ သံဃာတော်အမြောက်အများကို ဖမ်းဆီးရုံးတင် စစ်ဆေးခဲ့ပါတယ်။ ပြီးတော့ သံဃာတော်များကို အင်းစိန်ထောင်မှ သက်ဆိုင်ရာမြို့နယ် တရားရုံးများသို့ ရုံးထုတ်ရာမှာ အင်းစိန်အကျဉ်းထောင်မှ နံနက် (၈း၀၀) နာရီခန့်မှာ ရုံးထုတ်ပြီး ညနေ ၃း၀၀-၄း၀၀ နာရီခန့်ထိ ရုံးထုတ်ချိန် ရှည်လျားလှသော်လည်း အာဏာပိုင်များက သံဃာတော်များရဲ့ ဆွမ်းကိစ္စကို ဘာမှစီစဉ်ပေးခြင်း မရှိခဲ့ပါဘူး။
ပြီးတော့ သံဃာတော်များကို လူဝတ်လဲရာမှာ ကြံ့ဖွတ်များ၊ ရဲတပ်ဖွဲ့များရဲ့ ပုဆိုးအင်္ကျီ အစုတ်အပြဲ၊ ချေးအထပ်ထပ်များသာ ဝတ်ပေးခဲ့ကြသဖြင့် သံဃာတော်များမှာ အဝတ်ပုဆိုး ညစ်နွမ်းလှကြောင်း ရှေ့နေ ကိုညီညိလှိုင်၊ ကိုဖိုးဖြူတို့ထံကတဆင့် ဒေါ်ရှု ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီအခါ ဒေါ်ရှုဟာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရပြီး တရားရုံးချိန်းနေ့တွေမှာ တရားရုံးများသို့ ဆွမ်းလိုက်လံဆက်ကပ်ခြင်းဖြင့် အကျဉ်းသားစောင့်ရှောက်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
သူမရဲ့ စောင့်ရှောက်ရေးလုပ်ငန်းမှာ စတင်ခဲ့တဲ့သံဃာတော်များကတော့ ငွေကြာရံကျောင်းတိုက်မှ ဆရာတော်များ ဖြစ်ကြပါတယ်။ ထိုဆရာတော်များကတဆင့် နောက်ထပ် ဘယ်သူဘယ်ဝါရုံးထုတ် ဘယ်နေ့ ဘယ်မြို့နယ်မှာ ရှိမယ်စသဖြင့် လက်ဆင့်ကမ်း ပြောကြရာက ရွှေဝါရောင်တော်လှန်ရေးအပြီး ကာလနောက်ပိုင်း တနေ့ထဲ မြို့နယ် ၃-၄ ခုအထိ ဆွမ်းလိုက်ကပ်ရတာမျိုး ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သံဃာတော်များသာမက လူပုဂ္ဂိုလ် နိုင်ငံရေးအကျဉ်းသားများရဲ့တရားရုံးချိန်းများကိုလည်း အဆက်မပြတ် ထမင်းလိုက်ကျွေးရတာမျိုး တိုးချဲ့လုပ်ကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေါ်ရှုဟာ တာမွေတရားရုံးပြီးလျှင် ပုဇွန်တောင်။ ပုဇွန်တောင် ပြီးလျှင် မင်္ဂလာဒုံ။ မင်္ဂလာဒုံပြီးလျှင် မြောက်ဥက္ကလာစသဖြင့် တရားရုံးများလှည့်ပတ် ကျွေးမွေးခဲ့သလို ပုဆိုး အင်္ကျီ၊ ထောင်ဝတ်စုံပြာများအထိ ထောက်ပံ့ ပေးဝေခဲ့တယ်လို့ သိရပါတယ်။ ယနေ့အထိ ထောင်ဝတ်စုံပြာဝမ်းဆက် အစုံ ၅၀၀ ခန့်ထောက်ပံ့ ပေးလှူခဲ့ရပြီး အဝတ်ပုဆိုး၊ ဆေးဝါး၊ ဖိနပ်၊ ခြင်ထောင်၊ အိပ်ယာ အခင်း၊ အစားအသောက်၊ ကွမ်းဆေးလက်ဖက်၊ ဆပ်ပြာအစ၊ သွားတိုက်ဆေးအဆုံး အကျဉ်းသားများထံအရောက် ပေးပို့နေသူလည်း ဖြစ်ပါတယ်။
“အန်တီကတော့ အင်းစိန်ထောင်ရောက်တာနဲ့ တတ်နိုင်သမျှ ပို့ပေးလိုက်တာဘဲ။ နယ်က ပြောင်းလာသူတွေက ဘာဆိုဘာမှ မပါကြသလို ဆွေမျိုးသားချင်းတွေကလည်း လိုက်မလာနိုင်ဘူးလေ။ ဒီတော့ ဘယ်သူ့မှ တွက်ကပ်မနေဘူး။ အင်းစိန်ထောင်ကို ရောက်တယ် ကြားတာနဲ့ ဖယောင်းပုဆိုး အခင်းပို့တယ်။ အဝတ်ပုဆိုး၊ ခြင်ထောင်စတာ လိုမယ်ထင်တာကို ပို့လိုက်တာဘဲ” လို့ ဒေါ်ရှုက ပြောပြတတ်ပါတယ်။
ဒီလို ပို့ပေးရတာဟာ လွယ်ကူချောမွေ့လှတယ်တော့ မဟုတ်ရပါ။ သူမအနေနဲ့ သားသမီး ၅ ယောက် လုပ်စာကိုင်စာနဲ့ အိမ်မှာ အငြိမ့်သာ ထိုင်စားနိုင်ပါလျှက် ထောင်ဘူးဝမှာ ထောင်ဝန်ထမ်းတွေက အငေါက် အငန်းခံ၊ ငြူငြူစူစူခံပြီး ပို့ရရှာတယ်လို့သိရပါတယ်။ တခြားသူတွေကို ပါဆယ်ပေးသွင်းပြီး သူမကို တနေကုန် မတ်တပ်ရပ်စောင့်ခိုင်းရင်တောင်မှ သူမကတော့ မတ်တပ်ရပ်ပြီး တနေကုန်စောင့်နေလို့ တချို့သော သဘောကောင်းတဲ့ ထောင်ဝန်ထမ်းများက လက်လျှော့ပြီး သူမပို့ချင်တဲ့ ပါဆယ်ထုပ်ကို လက်ခံပေးလိုက်ရတယ်လို့ ကြားသိရပါတယ်။
သူမဟာ နယ်အဝေးရောက် နိုင်ငံရေးအကျဉ်းသားများထံကိုလည်း လက်လှမ်းမီသမျှ စာတိုက်မှတဆင့် ပါဆယ်များ ပေးပို့လေ့ရှိပါတယ်။ ဒါတင်မက ထောင်ဝင်စာလာတွေ့တဲ့ နယ်ကျေးလက်တောရွာက နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုများကို သူမရဲ့အိမ်မှာ တည်းခိုစေပြီး ထောင်ဝင်စာတွေ့ဖို့ စီစဉ်ပေးတာတွေလည်း လုပ်ပါသေးတယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတယောက် နာမကျန်းဖြစ်လို့ အင်းစိန်ဆေးရုံကို ရောက်လာတယ်ဆိုတာနဲ့ အကျဉ်းသားလူနာများက သူမထံအကြောင်းကြား အသိပေးသလို သူမကလည်း ဆေးရုံအထိ လိုက်လံစောင့်ရှောက်တတ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား မျက်စိခွဲလည်း သူမပါတယ်။ အူကျလည်း သူမပါတယ်။ စပိုတာလို အမျိုးသားသုံးပစ္စည်းလိုရင်လဲ သူမပါတယ်။ သီလရှင် ဆရာလေးတွေ အတွင်းခံအဝတ် မရှိတာလဲ သူမပါတယ်။ သူမဟာ တကယ့်ကို (ပါလေရာ ပဲခူးဆား) ပါဘဲ။ ပါလေရာ ပဲခူးဆားဆိုတဲ့ စကားပုံက နေရာတကာမှာ စပ်စပ်စုစု ဝင်ပါတာ မကောင်းတာကို ပြောတာပါ။ ဒေါ်ရှုဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဘာလိုလို၊ ဘာဖြစ်ဖြစ် ပါနေတဲ့ ပဲခူးဆားကတော့ အလွန်အရသာရှိသွားစေတဲ့ ဆားပွင့်လေးတွေ ဖြစ်နေပါတော့တယ်။
တကယ်တော့ သူမဟာ လောကတာဝန် သိစိတ်ရှိသူပါ။ လူဆန်တဲ့လူလို့ဘဲ သူမကို ကဗျည်းတပ်ချင်ပါတယ်။ သူမဟာ နိုင်ငံချစ်စိတ် ရှိတယ်။ မေတ္တာစိတ် ရှိတယ်။ ဂရုဏာစိတ် ရှိတယ်။ သူမရဲ့မေတ္တာစိတ်၊ ဂရုဏာစိတ်က အကျဉ်းကျ သားသမီးရှိတဲ့ တိုင်းနှင့် ပြည်နယ် အသီးသီးက အကျဉ်းထောင်တွေဆီ လမ်းခရီးမသွားတတ် မလာတတ်သူ မိသားစုတွေကိုလည်း သက်ဆိုင်ရာအကျဉ်းထောင်တွေအထိ လိုက်ပါ ပို့ဆောင်ပေးလေ့ ရှိပါတယ်။ ဒါကြောင့် သူမဟာ ကျိုင်းတုံထောင်၊ မြိတ်ထောင်၊ စစ်တွေထောင်၊ ကလေးထောင် စတဲ့ မြန်မာပြည်တနံတလျားက နယ်အဝေးထောင်တွေအနှံ့ ရောက်ခဲ့ဘူးသူလဲ ဖြစ်နေပါသေးတယ်။ အကျဉ်းကျ သံဃာများရှိရာ လှေလှော်အင်း၊ တိုက်ကြီး ဥတို၊ မအူပင် အလန်း၊ ကျိုက်ထိုမြို့နယ် မုပ္ပလင် ရဲဘက်စခန်းတွေထိ နိုင်ငံရေးအကျဉ်းသားတွေ မှာကြားသမျှကို လည်း ခေါက်တုန့် ခေါက်ပြန် သွားရောက် စောင့်ရှောက်တတ်ပြန်ပါတယ်။ မော်လမြိုင်အကျဉ်းထောင်မှ ဦးဇင်းတပါး အာဟာရပြတ်ပြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်း ကြားသိရတဲ့အခါ သူမဟာ ကြီးစွာသော စိတ်ဆင်းရဲခြင်းဖြစ်ပြီး သူလက်လှမ်းမမီလို့ပါ။ မသိလိုက်လို့ပါ။ သိလို့တော့ ပါဆယ်ပို့ပေးပါတယ်လို့ ဆိုပါသတဲ့။ အခုအချိန်မှာ သူမဟာ နေ့စဉ်နေ့တိုင်း အကျဉ်းသားစောင့်ရှောက်ရေးလုပ်ငန်းနဲ့ ပင်ပန်းနွမ်းနယ်နေတတ်ပေမဲ့ ကိုယ်က ပင်ပန်းပေမဲ့ မသေနိုင်သေးဘူး။ အထဲက လူတွေက အာဟာရပြတ်ပြီး သေသွားနိုင်တယ်။ ငါ ကြိုးစားမှ၊ ငါ ကြိုးစားမှလို့ သူမကိုယ်သူမ အားပေးပြီး လုပ်နေရတယ်လို့ ဆိုပါတယ်။
တကယ်တော့ သူမဟာ နိုင်ငံရေးအကျဉ်းသားများကိုသာ မကပါ။ ရန်ကုန်မြို့မှာ တည်းခိုစရာမရှိသူ နယ်အဝေးက မိသားစုဝင်တွေ အင်းစိန်ထောင်ကို ထောင်ဝင်စာလာတွေ့ကြလျှင် သူမအိမ်မှာ တည်းခိုစေပြီး ကြည်ကြည်ဖြူဖြူနဲ့ ထောင်ဝင်စာ တွေ့နိုင်အောင် စီစဉ်ပေးတတ်ပါသေးတယ်။ အကျဉ်းထောင်က လွတ်မြောက်လာသူ အကျဉ်းသားများကိုလည်း သူမက ရန်ကုန်မြို့အနှံ့ ဘုရားဖူး လိုက်လံပို့ဆောင်ပေးတတ်သေးသလို လွတ်မြောက်လာတဲ့ သီလရှင်ဆရာလေးများ သီလရှင်ပြန်ဝတ်ခွင့်မရလို့ စားဝတ်နေရေး ခက်ခဲနေတာကို ဖြေရှင်းနိုင်ဘို့ စက်ချုပ်သင်တန်းတက်နိုင်အောင် စီစဉ်တာမျိုးလဲ လုပ်ပေးတတ်သူပါ။
ဒေါ်ရှုက သူမဒီလို နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးလုပ်ငန်းနဲ့ နေ့စဉ်အချိန်ကုန်နေတာကို သားသမီးတွေက မကြည်မဖြူ ဖြစ်လာတဲ့အခါ (နင့်တို့ ငါနှစ်လုံး သုံးလုံးထိုးလို့ အိမ်တိုင်ချွတ် လျော်ရရင်လဲ ကုန်မယ်။ နှစ်လုံး သုံးလုံးနဲ့ ငါအချုပ်ထဲရောက်၊ ထောင်ထဲရောက်ရင်လဲ နင်တို့ အရှက်ကွဲမယ်။ ငွေ ကုန်မယ်။ ငါအခု အများကောင်းကျိုး လုပ်နေတာ။ နင်တို့ ဂုဏ်ယူတတ်ကြစမ်း)လို့ မိသားစုအတွင်း အတိုက်အခံလုပ် တတ်သူပါ။ အာဏာပိုင်များက ခေါ်မေးမြန်းရင်တော့ ကျမနိုင်ငံတော် ပုန်ကန်နေတာ မဟုတ်ပါဘူး။ လူမှုရေးလုပ်ငန်း လုပ်နေတာလို့ ဖြေပါသတဲ့။ သက်တောင့်သက်သာ ပါဘဲ။
မြန်မာပြည်မှာ သူလိုလူတွေ လူ ၂၀ ရှိမယ်ဆိုရင် အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွေထဲမှာ အတော်အသင့်တော့ သက်တောင့်သက်သာရှိနိုင်ပါလိမ့်မယ်။ (အမေက မွေး၊ ထောင်က ကျွေး) ဒီမိုကရေစီအရေးနဲ့ ထောင်ကျနေသူ ဒေါ်ရှုရဲ့ ပါဆယ်ထုတ်ကို လက်ခံရရှိနေသူ နိုင်ငံရေးအကျဉ်းသားတွေကတော့ သူမကို ဒုတိယအမေလို့ ခေါ်နေကြပါပြီ။ ရဟန်းတွေကတော့ (ဘိက္ခု မာတာ) ရဟန်းတို့ရဲ့ အမေပါတဲ့။
ဒေါ်ရှု (သို့) နိုင်ငံရေးအကျဉ်းသားတို့ရဲ့ ဒုတိယအမေ (သို့) ဘိက္ခုမာတာ။ သူမကတော့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ သူမရဲ့ သားသမီးတွေ အားလုံးအမြန်ဆုံးလွတ်မြောက်ပါစေလို့ နေ့စဉ်ဆုတောင်းနေပါသတဲ့။
အမေဒေါ်ရှု -သူမရဲ့ ဆန္ဒအမြန်ဆုံး ပြည့်နိုင်ပါစေ။

မိုးကျော်ကျော်

Friday, March 11, 2011

ဂျပန်နိုင်ငံ ဖူကူရှီးမားသို့ ၈.၈ ပြင်းအားရှိငလျင်ကြောင့် ဆူနာမီရေလှိုင်းများဖုံးလွှမ်း


ယနေ့ သောကြာ၊ တိုကျိုအချိန် နေ့လည် ၂နာရီ ၄၆ အချိန်က တိုကျိုနှင့် မိုင် ၂၄၀ အကွာ ပစ္စဖိတ်ပင်လယ်ပြင် မိုင် ၂၀ အနက်တွင် ပြင်းအား ၈.၈ ရှိသည့် ငလျင်လှုပ်ပြီး ပေ ၂၀ ကျော် လှိုင်းများ ဂျပန်ကမ်းခြေ နေရာ Onahama city in Fukushima prefecture တွင် ဖုံးလွှမ်းသွားသည်ကို ယခုသတင်းရေးနေသည့် အချိန် တိုကျိုအချိန် ညနေ ၅ နာရီတွင် တွေ့နေရသည်။ မီးလောင်မှုများ ဖြစ်ပွားနေပြီး ကြိုတင်သတိပေး ကာကွယ်မှုများ မပြုလုပ်နိုင်ပုံ မရချေ။ 


အင်န်အိပ်ခ်ျကေ ဂျပန်ရုပ်သံက ဝေဟင်မှ တိုက်ရိုက်သတင်းထုတ်လွှင့်နေသည်ကို တွေ့နေရသည်။ အပျက်အစီး အသေအပျောက်များ သတင်းမထုတ်နိုင်သေးပေ။ တိုကျိုတွင် အိမ်ပေါင်း ၄ သန်း လျှပ်စစ်မီး ပြတ်တောက်နေသည်ဟု ဆိုသည်။


ထိုပင်လယ်ရေအောက် ငလျင်ကြောင့် ဆူနာမီလှိုင်းကြီးများ ကမ်းခြေသို့ တိုက်ခိုက်မည် ဖြစ်ရာ အမေရိကန်ပြည်ထောင်စု၏ ဟာဝိုင်အီကျွန်းနှင့် အနောက်ခြမ်းကမ်းခြေ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ဘေးတို့အထိ လှိုင်းများ တက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။

မိုးမခ မှကူးယူဖော်ပြသည်။

ဟံသာဝတီဦးဝင်းတင်၏ (၈၁)ပြည့် မွေးနေ့ ပို့စကဒ်

Saturday, March 5, 2011

အထူးရံပုံငွေ ဥပဒေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၄/၀၃/၁၁ ကြေငြာချက်

ငါသုံးတာဘယ်သူမှ မစစ်ဆေးရ

ဝိုင်းစဉ်းစားကြပါအုံး.... အိမ်ထောင်တစ်ခုမှာတောင် ကိုယ့်ကိုယ်ပိုင်ငွေကိုသုံးစွဲတာဖြစ်ပေမယ့် မည်ရွေ့မည် မျှကုန်ကျသည်ကို မိသားစုအတွင်းတိုင်ပင်ကာ သုံးစွဲသူမှ တာဝန်သိစွာဖြင့် အကျိုးအကြောင်းရှင်းပြကြပေသည်။

အခုတော့ကြားလို့မှမတော် နိုင်ငံတော်ပိုင် ဘဏ္ဍာငွေကို အချုပ်အခြာ အာဏာတည်တံ့ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်ချုပ်ကြီးက ပြည်တွင်းငွေနဲ့ဘဲဖြစ်ဖြစ် နိုင်ငံခြားငွေနဲ့ဘဲဖြစ်ဖြစ် သုံးစွဲတဲ့အပေါ် ဘယ်သူတစ်ဦးတစ်ယောက်မှ မစစ်ဆေးရဆိုတော့ .......

Tuesday, February 15, 2011

သမိုင်းဝင် တော်လှန်ရေး ကူးစက်မှုများနှင့် လူထုအောင်ပွဲ

ပြီးခဲ့သည့် ရက်သတ္တပတ်များတွင် တော်လှန်လှုပ်ရှားမှုများမှာ ဗိုင်းရက်စ်ပိုးကဲ့သို့ပင် ကျယ်ကျယ်ပြန့်ပြန့် လျင်လျင်မြန်မြန် ကူးစက်သွားခဲ့ပြီဖြစ်သည်။ တူနီရှားမှသည် အီဂျစ်ဆီသို့။ အနီးအနားတိုင်းပြည်များဖြစ်သည့် ဂျော်ဒန်နှင့် ယီမင်တို့တွင်လည်း ဆန္ဒပြမှုများ၊ ဆူပူမှုများဖြစ်ပွားလာတော့သည်။ ထပ်မံပြန့်ပွားနိုင်သည့် နောက်တစ်နိုင်ငံမှာ ဆီးရီးယားဟူ၍ အသံများလည်း ပေါ်ထွက်နေဆဲ။ ဆန္ဒပြမှု ပျံ့နှံ့နှုန်းထားမှာ ကြောက်ခမန်းလိလိ။ ဤဆက်တိုက်ဖြစ်စဉ်များမှာ လွန်ခဲ့သော နှစ် ၂၀၀ အတွင်း ဖြစ်ပွားခဲ့သည့် မကျေနပ်မှု ကာလများနှင့် လှုပ်ရှားမှုများ၏ ပဲ့တင်သံများပင်တည်း။

အီဂျစ် ဆန္ဒပြပွဲများ အီဂျစ် ဆန္ဒပြပွဲများ ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းကြီး ပြိုလဲပျက်စီးသည့် ရိုက်ခတ်မှုမှသည် ၁၈၄၈ ခုနှစ်တွင် ဥရောပတ၀ှမ်းလုံး ရုန်းကန်တော်လှန်ခြင်း ဖြစ်စဉ်များတွင် မတည်ငြိမ်မှုများသည် ပို၍ပို၍ မတည်ငြိမ်မှုများကို ဆက်တိုက် ဖြစ်ပွား စေခဲ့ပါသည်။ ထပ်မံ၍ ဖြစ်ပွားရလေပြီ။ လူထုဆက်သွယ်ရေး နည်းပညာများကြောင့် တစ်နေရာမှ တစ်နေရာသို့ ကူးစက်ပျံ့နှံ့မှု အလျင်အမြန် ဖြစ်ထွန်းလို့လာနေသည်။ “တော်လှန်လှုပ်ရှားမှုတွေဟာ ကူးစက်တတ်ပါရဲ့” ရိုလာမြို့၊ မစ်ဆော်ရီသိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ စစ်သမိုင်းပညာရှင် ဂျွန်မက်မန်းနပ်စ်က မှတ်ချက်ပြုသည်။ “သမိုင်းကနေ သင်ခန်းစာ ယူကြဖို့ရာ ဆိုရင် အဲဒါ ဘယ်လိုပုံမျိုးနဲ့ ဖြစ်လာမယ်ဆိုတာကိုတော့ စဉ်းစားခန့်မှန်းလို့ မရနိုင်တာပါ။ ကြောက်စရာပေါ့နော။ တာ စလွှတ်လိုက်ပြီဆိုတာနဲ့ အင်အားတွေဟာ ဘယ်နေရာတွေအထိ ပျံ့နှံ့ သွားနိုင်တယ်ဆိုတာကို စဉ်းစားလို့ မရနိုင်ပါဘူး။” အဦးအစ သမိုင်း ဥပမာအနေဖြင့် ဗြိတိန်အင်ပါယာကို ဆန့်ကျင်ခဲ့ဖူးသော အမေရိကန်တော်လှန်ရေးကို ပြရမည်ဟု ထင်ပါသည်။ ၁၇၇၆ ခုနှစ်တွင် အောင်ပွဲဝင်နိုင်မှုကြောင့် ပြင်သစ်များအတွက် အားတက်ဖွယ်ရာ ဖြစ်ခဲ့ပြီး သူတို့ ကိုယ်ပိုင်လွတ်လပ်ရေးကိုလည်း ၁၇၈၉ ခုနှစ်တွင် ဆွတ်ခူး ရယူနိုင်ခဲ့ပြန်သည်။ ဤသည်မှာ သမိုင်းသုတေသီများ၏ အမြင်တူသော သုံးသပ်ချက်တစ်ခုလည်းဖြစ်သည်။ “တရားသော တော်လှန်ပုန်ကန်မှု အသစ်အသစ်တွေ အမြဲတမ်း ရှိနေပါဦးမယ်။ ဆက်သွယ်ရေး မီဒီယာ အသစ်တွေလည်း ရှိနေမှာပါ။ ဒါကတော့ လူ့မနော၊ လူ့သဘာဝပါ။ လူထုဟာ ဖိနှိပ် အုပ်ချုပ်ခံရပြီဆိုရင်တော့ တော်လှန် ပုန်ကန်ကြမှာ အသေအချာပါပဲ။” ပိုမိုကျယ်ပြန့်သော ပြင်သစ်တော်လှန်ရေးမှာ ၁၈၄၈ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့ပြန်သည်။ ဖိနှိပ်ခံ၊ ဆန္ဒမဲပေးပိုင်ခွင့် မရှိရှာကြသော အလယ်လတ်တန်း အောက်လွှာလူထုကြီးက ဘုရင်လူးဝစ်ဖီလစ်၏ အဂတိလိုက်စားမှုများနှင့် အခွင့်ထူးခံ အုပ်ချုပ်မှုကို ဆန့်ကျင်ပုန်ကန်တော်လှန်ခဲ့ကြ၏။ ဘုရင်လူးဝစ်ဖီလစ် တိုင်းပြည်မှ ထွက်ပြေးရသည်နှင့် တော်လှန်မှု အစဉ်အတန်းကြီးမှာ ဂျာမဏီသို့ ကူးစက်ခဲ့လေပြီ။ လူထု၏ တအုံနွေးနွေး၊ ကြိမ်မီးအုံ ပူဆွေးသောကများကလည်း ထုနှင့်ထည်နှင့် အဆင့်သင့် ရှိနေခဲ့သည်ပေပဲ။

တော်လှန်ပုန်ကန်မှုများမှာ ရပ်မနားနိုင်သေး။ ထိုမှဆက်လက်၍ သြစထြီးယား၊ ပိုလန်၊ ရုရှား၊ အီတလီတို့ကို ကျော်လွန်ပြန့်ပွား တော်လှန်ခဲ့ချေပြီ။ “တစ်ခုကနေ တစ်ခုဆီကို ဆက်တိုက်ကူးစက်ပြန့်ပွားခဲ့တာ အမှန်ပါပဲ။” မက်မန်နပ်စ်ကဆို၏။ “လူထုက ပြင်သစ်မှာ ဖြစ်နေတာကို မြင်လိုက်ရပြီ။ အေး... ဟုတ်တယ်ဟေ့၊ လုပ်လို့ရသားပဲ။ အချိန်ကျပြီလို့လည်း ထင်တယ်။ အဲဒီနှစ်မှာပဲ တောမီးလောင်သလို တော်လှန်ရေးဟာ ပျံ့နှံ့သွားခဲ့ဖူးပါရဲ့။” အခြားသော သာဓကများဆောင်ပါအံ့။ ရက်စက်သော အာဏာရှင် အမေရိကန် အစိုးရကို မကျေနပ်သဖြင့် ၁၈၆၀ ခုနှစ်တွင် တောင်ကာရိုလိုင်းနာနယ် ခွဲထွက်ခဲ့ခြင်းဖြစ်သည်။ အယ်ဘားမာ၊ မစ္စစ္စပီနှင့် အခြားတောင်ပိုင်း ပြည်နယ်များက လိုက်ပါခွဲထွက်ခဲ့ကြသည့် ဒိုမီနိုသက်ရောက်မှုကြောင့် ပြည်တွင်းစစ် ဖြစ်ပွားရလေတော့၏။ ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းကြီး ပြိုလဲခဲ့ရသည်မှာ ကွန်မြူနစ်စနစ်ကို ဆန့်ကျင်ကြသော ပိုလန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗေးကီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံများ၏ တော်လှန်ရေးလှိုင်း ရိုက်ခတ်ချက်များကြောင့်ပင်တည်း။ ယခုဖြစ်ပွားနေသော အရှေ့အလယ်ပိုင်း အခြေအနေမှာ မတူသော နောက်ခံ ယဉ်ကျေးမှုနှင့် နိုင်ငံရေး အခင်းအကျင်းများ ရှိနေပါသည်။ သို့သော်ငြားလည်း အတိတ်ကာလများ၏ ဖြစ်စဉ်များနှင့် ဆင်တူလွန်း ပေသည်ဟု ကော်နဲတက္ကသိုလ်မှ မျက်မှောက်ခေတ် အီဂျစ်သမိုင်းပညာရှင် ဇအဒ်ဖာမီက ဆို၏။ အခြားသော ကူးစက်တတ်သည့် တော်လှန်လှုပ်ရှားမှုများကဲ့သို့ပင် ယခုပုန်ကန်မှုမှာလည်း ဖိနှိပ် အုပ်ချုပ်နေသော အာဏာရှင်တို့အပေါ် မကျေနပ်ချက်များ တအုံနွေးနွေး စုဆောင်းခဲ့ရသည့် လွန်ခဲ့သော နှစ်များစွာကပင် စတင်ခဲ့ကြောင်း သူက ရှင်းပြသည်။ မြို့ရွာအနှံ့ ကျယ်ပြန့်လာတော့၏။ အခြားသော ယဉ်ကျေးမှုပုံစံများ ပြောင်းလဲရခြင်း၌လည်း မြစ်ဖျားခံခဲ့သည်။ ဤသို့ဖြင့် ပျော်စရာမကောင်းသော ကာလများမှာ မီးပွားကို စောင့်နေသည်နှင့် တူတော့သည်။ ဆက်တိုက် ပြိုလဲလာနေသည့် ဒိုမီနိုဖြစ်စဉ်များက ရိုက်ခတ်မည်မှာ မြေကြီးလက်ခတ်မလွဲ။ ယခုဖြစ်စဉ်၏ မီးပွားမှာ ဒီဇင်ဘာလလယ်လောက်က မိမိကိုယ်ကို မီးရှို့ခဲ့ရှာသော တူနီးရှား ဆန္ဒပြသမား တစ်ဦးရယ်ပါ။ နောက်ဆက်တွဲ ဆန္ဒပြမှုများက အလျင်အမြန်ပင် တူနီးရှား သမ္မတကို ထွက်ပြေးစေရသည် အထိပင်။ အိမ်နီးချင်းနိုင်ငံများတွင်လည်း အလားတူ ဆန္ဒပြပွဲများ ကူးစက်ခဲ့တော့သည်။ တစ်ခုတည်းသော ဆန့်ကျင်တော်လှန်မှုမှသည် ကူးစက်လာစေရန်အတွက် အဓိက သော့ချက်ကား “ဆက်သွယ်ရေး” ပင်ဖြစ်သည်ဟု ဖာမီက ထပ်လောင်းရှင်းပြသည်။ ၁၈၄၈ ခုနှစ်တွင်မူ များမကြာသေးမီက တီထွင်ခဲ့သော တယ်လီဂရဖ် ကြေးနန်းစနစ်ပင်ဖြစ်သည်။ ပုံနှိပ် သတင်းစာများနှင့်အတူ နိုင်ငံတ၀ှမ်း ဖြစ်ပျက်နေမှုများကို ပြည်သူလူထုအတွက် သတင်း သဲလွန်စများ ပေးနိုင်ခဲ့လေခြင်း။

ယနေ့တွင်မူ ဖေ့စ်ဘွတ်၊ ယူကျု့နှင့် တွစ်တာ။ အီလက်ထရောနစ်ဆက်သွယ်ရေးများ ဖျက်ဆီး ခံရသော အခါတွင်မူ အီဂျစ် ဆန္ဒပြသူများသည် မူလ လက်ဟောင်းနည်းများဖြင့် သတင်းဆက်ခဲ့ပြန်သည်။ ဘာလုပ် ကြမည်ကို ပုံနှိပ် ဖြန့်ဝေကြခြင်းပင်။ တော်လှန်လှုပ်ရှားမှု ကူးစက်သည်ဟု ဆိုရာဝယ် လူထု၏သည်းခြေတွင် မျှော်လင့်ချက်နှင့် စိတ်အင်အားတို့ ရလိုက်ခြင်းက အဓိကဟု ဆိုရချေမည်။ မိမိတို့နှင့် အခြေအနေချင်းတူညီသော အခြားတိုင်းပြည် လူထုက တော်လှန်ပုန်ကန် တိုက်ပွဲဝင်ကြလေခြင်း။ .... ထို့ပြင်တ၀.... အောင်ပွဲခံ နေကြလေခြင်း။ “သူတို့လည်း လုပ်ဆောင်နိုင်တဲ့ ပုံစံပါလားလို့ လူထုက သိမြင်လာတယ်။ တကယ်ကို ဖြစ်နိုင်တာပဲလို့ မြင်လာကြတယ်။” ဖာမီက ဆို၏။ “ကြောက်ရွံ့စိတ် အတားအဆီးကို ခွါချ ပေးလိုက်သလိုပါပဲ။” သမိုင်းက မတတ်နိုင်သည့် အချက်တစ်ချက်ရှိလေသည်။ ကျွမ်းကျင်သူ၊ ပညာရှင်ဆိုသူများက တော်လှန်ရေး မည်သည့် အချိန်တွင် စတင်ဖြစ်ပေါ်မည်ဟု ဟောကိန်းထုတ်ရန် သမိုင်းက မလုပ်ပေးနိုင်ပါ။ မည်မျှအထိ ပြန့်နှံ့မည်၊ မည်သို့မည်ပုံ အဆုံးသတ်မည်တို့ကိုလည်း ခန့်မှန်းရန် မကူညီနိုင်။ ရလဒ်များမှာ အံ့ဘနန်း ဖြစ်ရလေ့ရှိသည်။ သို့သော် အပေါင်းလက္ခဏာ ဆောင်ချင်မှ ဆောင်မည်။ အတိတ်ကို မျှော်ကြည့်ပြီး တော်လှန်ပုန်ကန်မှု အသစ်များသည် အနာဂတ်တွင် ဖြစ်ပွားလာနိုင်ခြင်းနှင့် အအေးမိရောဂါ ဗိုင်းရပ်စ်ကဲ့သို့ ကူးစက် ပြန့်နှံ့နိုင်ခြင်းတို့ကို တားမြစ်ရန်လည်း မစွမ်းဆောင်နိုင်ကြပါ။ ဖာမီက ရှင်းပြခဲ့သည်။ တော်လှန်ရေး မည်သည် ဖော်မြူလာမရှိ။ “သမိုင်းက သင်ခန်းစာကို ဘယ်သူမှ မယူကြပါဘူး။” သူက ဆက်ပြောပြသည်။ “တရားသော တော်လှန်ပုန်ကန်မှု အသစ်အသစ်တွေ အမြဲတမ်း ရှိနေပါဦးမယ်။ ဆက်သွယ်ရေး မီဒီယာ အသစ်တွေလည်း ရှိနေမှာပါ။ ဒါကတော့ လူ့မနော၊ လူ့သဘာဝပါ။ လူထုဟာ ဖိနှိပ် အုပ်ချုပ်ခံရပြီဆိုရင်တော့ တော်လှန် ပုန်ကန်ကြမှာ အသေအချာပါပဲ။”

သိန်းနိုင်   
မောက္ခပညာရေး ဆိုဒ်မှကူးယူဖော်ပြသည်။

Sunday, February 13, 2011

Thursday, February 10, 2011

ပတ်စပို့ လုပ်မည့်မြန်မာအလုပ်သမားတစ်ရာကျော် မဲဆောက်မှာအခက်ကြုံနေ




မဲဆောက်မြို့မှ ကော့သောင်းမြို့သို့ယာယီပတ်စပို့စ် လုပ်ကိုင်ရန်သွားကြမည့်အလုပ်သမား ၁၀၈ ဦးတို့အားထိုင်းလုပ်ငန်းရှင်အချို့က မဲဆောက်မြို့မှ ထွက်ခွာခွင့်မပြုပဲ နှောက်ယှက်နေပြီး ကုမ္ပဏီမှကိုယ်စားလှယ်ပွဲစားတစ်ဦးအား မဲဆောက်မြို့ မှ ပြည်နှင့်ဒဏ်ပေးလိုက်သည်။

ပြီးခဲ့သည့်ဖေဖေါ်ဝါရီ ၄ ရက်နေ့ က ဘန်ကောက်မြို့မှ ယာယီပတ်စပို့ အကျိုးဆောင်ကုမ္ပဏီမှ ကိုယ်စားလှယ် ပွဲစား ကိုကိုမောင် ဆိုသူက မဲဆောက်မြို့မှ ယာယီပတ်စပို့ လျှောက်ထားသည့် မြန်မာအလုပ်သမား ၁၀၈ ဦး တို့အား ဘန့်ဆောင်ကွဲရပ်ကွက်တွင် စုဆောင်းပြီး ကားပေါ်သို့တင်ဆောင်ရန် ပြင်ဆင်နေစဉ်မဲဆောက်မြို့မှ စက်မှုလုပ်ငန်းရှင်များအသင်းက သက်ဆိုင်ရာသို့ခေါ်ဆောင်သွားခဲ့သည်။



ဘန့်ဆောင်ကွဲရပ်ကွက် ရွာလူကြီးနှင့်ရပ်ကွက်လှုပ်ရှားတက်ကြွသူများနှင့် မဲဆောက်မြို့စက်မှုလုပ်ငန်းရှင်များ
အသင်းဝင် အိုမီဂါအလုပ်ရုံပိုင်ရှင်၊ TK အလုပ်ရုံပိုင်ရှင်နှင့်PEPSI နှင့်ကွန်တုံ အလုပ်ရုပ်ပိုင်ရှင်တို့က မဲဆောက်ရဲများနှင့်အတူ အရေးယူခဲ့ခြင်းဖြစ်သည်။ လ၀က၊ အလုပ်အကိုင်ရှာဖွေရေးရုံးနှင့် လူမှုဖူလုံရေး အစရှိသည့် ဌာနဆိုင်ရာများက အလုပ်သမားများတစ်ဦးချင်းစီတို့၏ စာရွက်စာတမ်းများအား ကွန်ပျူတာဖြင့် စစ်ဆေးခဲ့ရာ အလုပ်သမားများလက်ဝယ်ရှိသော စာရွက်စာတမ်းများအားလုံးတို့မှာ တရားဝင်အစစ်အမှန်များ အဖြစ်တွေ့ရှိခဲ့သည်။ ယာယီပတ်စပို့စ့် လုပ်ရန်ထွက်ခွာကြမည့်အလုပ်သမားများမှာ အထက်ပါစက်ရုံများမှဖြစ်သည်။

ထို့ကြောင့်ရဲစခန်းတွင်ဖမ်းဆီးချုပ်နှောင်ခြင်းမပြုသော်လည်း အလုပ်သမားများအား မဲဆောက်ရဲစခန်းရှေ့ မြေကွက်လပ်တွင် တစ်နေကုန်ထားခဲ့ပြီး ညဉ့် ၁၂နာရီခန့် တွင် တရုတ်ဘုံကျောင်းတစ်ခု၌တစ်ညအိပ်စေခဲ့သည်။ ယခုအခါဝတ်အလန်ဟူသည့် ဘုန်းတော်ကြီးကျောင်းတွင် အကျယ်ချုပ်သဘောမျိုးနေထိုင်နေကြရသည်။ ကုမ္ပဏီ ကိုယ်စားလှယ်ဆိုသူ ကိုကိုမောင်က

“ကျနော့်ကို Work Permit က သားရေအိပ်ချုပ်လုပ်တဲ့အလုပ်နဲ့ လုပ်ထားတာပါ။ ဒီအလုပ်နဲ့က တခြားစီဖြစ်နေတာကြောင့် တရားရုံးက ၅ရက်နေ့မှာ ဒဏ်ငွေဘတ် ၈၀၀ ချမှတ်ပြီးတော့ ပြန်လွှတ်ပါတယ်၊ အဲဒါကို အိုမီဂါအုပ်စုတွေက မကျေနပ်တဲ့အတွက် လ၀က ကိုထပ်ပြီးခေါ်သွားပါတယ်။ ကျနော့်စာအုပ်မှာ တုံးထုပြီးတော့ ပြည်နှင်ဒဏ်ပေးပါတယ်။ ကျနော်စာအုပ် သုံးမရတော့ဘူးလို့ လည်းပြောပါတယ်။ ကျနော့်ကို Thai Myanmar Enterprise ကုမ္ပဏီက တရားဝင်လုပ်ကိုင်ခွင့် စာရွက်စာတမ်းနဲ့ ကျနော်လူလာခေါ်တာပါ။ ထိုင်းနဲ့ မြန်မာအစိုးရတို့ အကောင်အထည်ဖေါ်နေတာကို မဲဆောက်ကုန်သည်ကြီးများအသင်းက လာပြီးနှောက်ယှက်တာပါ၊ သူတို့ကဒီအလုပ်သမားတွေ ပတ်စပို့လုပ်ဖို့ကိုလုံးဝမလိုလားဘူးဖြစ်နေပါတယ်” ဟုပြောဆိုသည်။

အကျယ်ချုပ်ကျခံသည့် သဘောဖြင့် ၀တ်အလန်ဘုန်းကြီးကျောင်းဝင်းတွင် ရောက်ရှိနေကြသည့် မြန်မာအလုပ်သမား မနွေနွေလှိုင်က“ ကျမတို့ကို ဘန်ကောက်က ပတ်စပို့စ်ပွဲစား ကိုကိုမောင်က ၅၅၀၀ ဘတ်နုန်းနဲ့ ပတ်စပို့လုပ်ပေးဖို့အတွက်လာခေါ်တာပါ၊ ခုကျမတို့ကို စက်ရုံတွေက ထိုင်းသူဌေးမတွေလာပြီးစာရွက်တွေကို လာလုယူကြတယ်၊ ဆဲကြတယ်၊ ကျမတို့ကို သူတို့လက်ခုပ်ထဲကရေလို သဘောထားပြီး လုပ်ချင်ကြတယ်။ မဲဆောက်က ဘယ်အဖွဲ့ကမှအကူအညီပေးတာမရှိဘူးသေးဘူး၊ ဒီနေ့တစ်နေကုန်မြို့ပိုင်ရုံးမှာထိုင်နေရတယ်” ဟုပြောသည်။



အဆိုပါ ပွဲစား မောင်မောင် ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက် နေ့ က မဲဆောက်နှင့်ဘန်ကောက်မြို့တို့ မှ ရနောင်းမြို့သို့ ယာယီပတ်စပို့ လုပ်ကိုင်ရန် သွားခဲ့ကြစဉ် စာရွက်စာတမ်းအတုများကြောင့်မြန်မာအလုပ်သမား ၇၈ ဦးမှာ မြန်မာပြည်ဘက်သို့ ဖမ်းဆီးပြန်ပို့ ခံခဲ့ရပြီးဖြစ်သည်။

ဘန်ကောက်အခြေစိုက် ပတ်စပို့ ကုမ္ပဏီ တစ်ခုမှ အမည်မဖေါ်လိုသည့် မြန်မာဒါရိုက်တာတစ်ဦက“အယင်
တစ်ခါလည်း ဒီ ကိုကိုမောင် ဆိုတဲ့ ကောင်က Ocean Sun co,ltd ကုမ္ပဏီ အမည်ခံပြီး မဟာထိုင်းစာရွက်
အတုနဲ့ လုပ်သွားတယ်၊ ခုတစ်ခါလည်း Thai Myanmar Enterprise ကုမ္ပဏီ ဆိုပြီးလုပ်ပြန်ပြီ၊ ကုမ္ပဏီ
ကိုတစ်ပြားမှမသွင်းပဲ ဒီကောင် ကောက်လုပ်နေတာ။ကုမ္ပဏီ ကို သူ ငွေသွင်းထားရင် ဒီလောက် ဘယ်ကြာ
မလဲ၊ကျနော်တော့မထင် ဘူးဗျ”ဟုပြောသည်။

အလုပ်သမားများ ရနောင်းသို့ မထွက်ခွာမီ အခန်းစုပေါင်းငှါးရမ်းပြီး အသုံးအဆောင်ပစ္စည်းအချို့ တို့ အား ထည့်ထားခဲ့သည်။ ထိုအခန်းကို ယမန်နေ့ နံနက်ပိုင်းက အိုမီဂါအလုပ်ရုံမှ တာဝန်ရှိသူတစ်ဦးက ၄င်းတို့ စက်ရုံမှ ပစ္စည်းများအား မြန်မာအလုပ်သမားများ ခိုးယူထားပါက တရားစွဲနိုင်ရန် သံဇကာများဖြင့် လာရောက်ကာရံ လိုက်သဖြင့်မည်သူမှ မိမိပစ္စည်းများကိုယူ၍မရတော့ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကပြောသည်။ အလုပ်သမားများ၏ တရားဝင်စာရွက်စာတမ်းမျာအား မဲဆောက်ရဲစခန်းတွင် ပြီးခဲ့သည့် စနေနေက အမည်မသိအမျိုးသမီးကြီးတစ်ဦးသိမ်းယူထားကြောင်း ၄င်းစာရွက်စာတမ်းများမရမချင်း ယခုနေထိုင်သည့် ဘုန်းကြီးကျောင်းမှ အလုပ်သမားများထွက်ခွာမည်မဟုတ်ကြောင်း အလုပ်သမားများကပြောသည်။

တာ့ခရိုင်၊မဲဆောက်တွင် အစိုးရက တစ်နေ့ လုပ်အားခ ယခင်၁၅၉ဘတ်သတ်မှတ်ထားသည်။ ၂၀၁၁တွင် တစ်နေ့လုပ်အားခ ၁၆၂ဘတ် သတ်မှတ်ထားသော်လည်းမြန်မာအလုပ်သမားများ တစ်နေ့ ၈နာရီလုပ်အားခ ၇၀ ၀န်းကျင်သာရရှိကြသည်။ မဲဆောက်တွင် အလုပ်ရုံနှင့်အိမ်တွင်းမှုလုပ်ငန်းပေါင်း ၅၀၀ကျော်ဝန်းကျင်ရှိသည့်အနက် မည်သည့်အလုပ်ရုံကမှ အစိုးရသတ်မှတ်ဈေးမပေးချေ။ထို့ ကြောင့် မဲဆောက်မြို့မှမြန်မာ အလုပ်သမားများသည် တရားဝင်နေထိုင်ခွင့်ရရှိပြီးပါက တစ်နေ့လုပ်အားဘတ်၂၀၀ ၀န်းကျင်ရရှိကြသောဘန်ကောက်မြို့နှင့် အခြားမြို့ကြီးများသို့ သွားရောက်လိုကြကြောင်း အလုပ်သမားများကပြောသည်။

ယခုထိုင်းစံတော်ချိန် ၆နာရီတွင် ကိုကျော်ဇင်လတ်၊ကိုနိုင်သိန်း မခင်ချောစုလှိုင် နှင့် အမည်မသိ အလုပ်သမတစ်ဦးတို့ အား စစ်ဆေးစရာရှိသည်ဆိုပြီး ထိုင်းအာဏာပိုင်များကခေါ်ယူသွားသည်။ အလုပ်သမားများအားလုံးတို့ အား မဲဆောက်မြို့ပိုင်ရုံးတွင် ညအိပ်ရမည်ဖြစ်သည်။ ဘန်ကောက်မြို့ဘန်ခေအရပ်ရှိ အထည်ချုပ်စက်ရုံမှ ထိုင်းတာဝန်ရှိသူတစ်ဦးက မဲဆောက်သို့ လာရောက်ဖြေရှင်းနေကြောင်း ယခု သိရှိရသည်။

ဦးကျော်သောင်း စုံစမ်းရေးသားပေးပို့သည်။ 

http://anyarnwaytamarmyay.blogspot.com/ မှကူးယူဖော်ပြသည်။

Tuesday, February 1, 2011

အန်တီစု ကျန်းမာရေးပြန်လည်ကောင်းမွန်လာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှုးချုပ် ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည် ရက်သတ္တပတ်ခန့်ကျန်းမာရေးမကောင်းသဖြင့် အနားယူနေရာမှ ၂၊ ၂၊ ၂၀၁၁ ရက်နေ့မှ စတင်ကာ ကျန်းမာရေးကောင်းမွန်သွားသဖြင့် အဖွဲ့ချုပ်ရုံးသို့ ပြန်လည်တက်ရောက်နိုင် မည်ဖြစ်ကြောင်းသတင်း ရရှိပါ သည်။
                                                                                                                                                                                            

အမတ်ရှုးတို့ရဲ့  လွတ်တော်

ကျီးကို ဘုတ်မြောက် ၊ ဘုတ်ကို ကျီးမြောက်တဲ့ လွတ်တော် ဥက္ကဌ ရွေးပွဲ အသံဖိုင်ပါ။ 0131205700.wav 0131210300.wav 0131211300.wav