Monday, August 19, 2013

ဘက ပညာရေး

ကျတော် ၁၁ . ၈ . ၂၀၁၃ တုန်းက မော်လမြိုင်လမ်း နားက ကျောက်ရေတွင်းရွာလေးကို ဗိုလ်မှူးအောင်ကျော် PNLO အစီအစဉ်နဲ့ ကျောာက်ရေတွင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားလေ့လာဖြစ်တယ် ကျောင်းသား ၁၅၀ ခန့် စာသင်ကြားနေတာမြင်ခဲ့ရတယ် ဆဆရာမ ၂ ဦး နှင့် ကိုရင်တစ်ပါးးက သင်ကြားပေးနေတယ် အစားအသောက် အဝတ်အထည် နောက် ကိုယ်တိုက်ဆပ်ပြာက အစ လုံလောက်မှုမရှိဘူး ကျောင်းဝတ်စုံဆိုတာဝေးလို့ ညစ်ထေထေ ကလေးတသိုက်ကို ပညာသင်ပေးနေတဲ့ဆရာတော်ကို သာဓုခေါ်မိတယ် ။

Wednesday, September 5, 2012

ဒီနေ့ မိုးသီး.... မနက်ဖြန် ကျတော်တို့လား


အခုတလော ကြားနေရတဲ့သတင်းတွေ၊ ဖတ်နေရတဲ့စာတွေကြောင့် အမျက်တွေစူးတယ်။ သတင်းသမားပီပီ စာရေးချင်၊ ပြောချင်ပေမဲ့ ကိုယ့်စာကအလိုမကျတာ၊ အမြင်မတူတာကိုချရေးပြီး၊ ဆူးပေါက်နေမှာမို့ ဆင်ဆင်ခြင်ခြင် နေလိုက်သေး တယ်။ ကိုယ့်အတွေ့အကြုံ အတွေးအမြင်ကို မြိုချလို့ရပေမဲ့ အဆိုးဘက်နွယ်တဲ့အတွေးအခေါ်နဲ့ စာတွေပိုပိုများနေတာ
ကျတော့ မျက်ကွယ်ပြုထားသလို စိတ်ထဲခံစားလာရတယ်။ သတင်းသမားတယောက် တာ
ဝန်မကျေသလို ဖြစ်မှာစိုးလို့
ကိုယ့်စိတ်ထဲရှိတာ ကွယ်ဝှက်လည်းမနေ၊ ဟန်ဆောင်ပြီးလဲ ထိမ်းမနေချင်တော့ဘူး၊ ပွင့်ပွင့်လင်းလင်းပဲ ရေးလိုက်တော့ မယ်။
.......................

ဒီရက်ပိုင်းသတင်းတွေထဲမှာ ထိတ်ဆုံးကလှုတ်ခတ်တဲ့ သတင်းက ပြည်ပရောက် ABSDF ကျောင်းသားခေါင်းဆောင် ဟောင်းတချို့နဲ့ အမေရိကားက နိုင်ငံရေးလှုပ်ရှားသူ ၈၈ ကျောင်းသားတချို့ ပြည်တော်ပြန်ခရီးဖြစ်တယ်။ အမှန်တော့
သူတို့ မသွားခင်ကတဲက အပြင်မှာ ပူညံပူညံအချင်းများနေတာ။ ပြည်ပရောက်ကျောင်းသားအားလုံးကို ကိုယ်စားပြုသွား မှာလား?၊ ဘယ်သူ့ကို ကိုယ်စားပြုပြီး၊ ဘယ်သူနဲ့တွေ့၊ ဘာတွေဆွေးနွေးမှာလဲ? နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ဖမ်း ထားသလို၊ ပြည်တွင်း ၈၈ အုပ်စုတွေက ပြည်ပကျောင်းသားတွေ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးလုပ်နေချိန်၊ ဒီလိုခွဲခြား ပြီး သွားသင့်သလား? ကချင် စစ်မီးဟုန်းဟုန်းတောက်နေတဲ့ ဒီလိုကာလသွားသင့်ရဲ့လား?၊ အပြင်မှာ လုပ်စရာကုန်ပြီ လား? စတဲ့ စတဲ့ မေးခွန်တွေကို အင်တာနက်ချပ်တင်တွေ၊ အွန်လိုင်း Meetingတွေ၊ Debate တွေနဲ့ အချိန်အတော်ကြာ လုပ်ခဲ့ကြတယ်လို့ သိထားပါတယ်။

ကျနော် ကိုမိုးသီး၊ ကိုထွန်းအောင်ကျော်၊ ကိုမူးသာတို့နဲ့ မေးမြန်းကြည့်ရသလောက် သူတို့ဟာ ပြည်ပရောက်၊ ဘယ်အဖွဲ့၊ ဘယ်သူ့ကိုမှ ကိုယ်စားမပြုဘူး၊ မိမိကိုယ်ကို တာဝန်ယူမှု၊ ကိုယ်စားပြုမှုနဲ့ပဲ သွားမှာလို့ ပြောခဲ့ဖူးပါတယ်။ သူတို့ ကိုယ့်ဖာ သာကိုယ်တာဝန်ယူမှုနဲ့ ပြည်တော်ဝင်ခရီးနှင်တယ်ဆိုပေမဲ့ အားလုံးနီးပါးက ၈၈ကျောင်းသားတွေ၊ ပြီးတော့ တချိန်က၊ ကျောင်းသားတပ်မတော်ကို ဦးဆောင်ခဲ့သူတွေပါ။

သူတို့က ပြည်ပအင်အားစုတွေနဲ့ မဆိုင်ပါဘူးလို့ဘယ်လိုပဲပြောပြော၊ မဆိုင်လို့ မရပါဘူး။ သူတို့သွားတဲ့ခရီးက တခြား နိုင်ငံကို လော်ဘီလုပ်ဘို့သွားတဲ့ ခရီးမဟုတ်သလို၊ ပုဂ္ဂိုလ်ရေးကိစ္စသွားကြတာ မဟုတ်ဘူး၊ မိသားစုဝင်တယောက် ယောက် အသဲအသန်ဖြစ်လို့ အရေးပေါ်သွားတွေတာ မဟုတ်ဘူး။

၂၄ နှစ်လောက် ပြည်ပမှာအကောင်းအဆိုးတွေနဲ့ရောပြွန်းနေထိုင်ပြီး၊ ကိုယ့်နိုင်ငံ၊ စစ်ကျွန်ဘ၀က လွတ်မြောက်ရေး၊ ဒီမို ကရေစီရေးအတွက်၊(အောင်မြင်တာ၊ မအောင်မြင်တာအသာထား) လုပ်ခဲ့ကြသူတွေ ဖြစ်တယ်။ မိုးထဲလေထဲမှာ တော်လှန်ရေးနဲ့၊ နိုင်ငံရေးနဲ့ အင်မတန်တူတဲ့အလုပ်ပဲဖြစ်ဖြစ်၊ အင်မတန်မနီးစပ်တဲ့အလုပ်ပဲဖြစ်ဖြစ် လုပ်ခဲ့ကောင်းလုပ်ခဲ့
သူတွေ ဖြစ်တယ်။

မိုးသီး တို့ ကိုထွန်းအောင်ကျော်တို့လိုပဲ ပြည်ပရောက် ၈၈ တောခိုသူတွေနဲ့ နောက်ပိုင်းတောခိုလာသူတွေ တိုင်းတပါးနဲ့ နယ်စပ်ဒေသမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တွေ နေ့နေ့ညည တွေးတော၊ ပြောဆို၊ လုပ်ခဲ့ကြတာပဲ မဟုတ်လား? တတိယနိုင်ငံတွေရောက်တော့လည်း တဘက်က မိသားစုနဲ့ ၀မ်းစာအတွက် (အသက်တွေ ကြီးပြီး၊ မလုပ်ခဲ့ဘူးတဲ့အလုပ်တွေကို) ပင်ပင်ပမ်းပမ်းလုပ်ရင်း အကြွေးတွေနဲ့ ရပ်တည်နေရတယ်။ တဘက်က ကိုယ်ယုံ ကြည်တဲ့ နိုင်ငံရေးအပေါ်ဆက်လုပ်ရင်း (ကိုယ်မလုပ်တောင်လုပ်နေသူတွေကိုအားပေး၊ ထောက်ပံ့) နေခဲ့ကြတယ်။

ဒါဟာ ဖြစ်စဉ်အမှန်၊ တတိယနိုင်ငံရောက်နေသူတိုင်း ချမ်းသာသူတွေ မဟုတ်သလို၊ ချမ်းသာနေသူတိုင်းကလည်း ပြည် တွင်းက အချောင်သမား ခေတ်ပျက်သူဌေးတွေလို ဗြုန်းစားကြီးကြီးပွားခဲ့ကြတာ မဟုတ်ဘူး။ သူတို့ချွေးတွေ၊ လေ့လာမှု တွေ၊ သီးခံစိတ်၊ လုံ့လ၊ ၀ီရိယတွေနဲ့ အားထုတ်ကျိုးပမ်းခဲ့ကြတာပါ။

ငယ်ရွယ်ပြီး၊ ပညာသင်နိုင်တဲ့ ပြည်ပရောက် တော်လှန်ရေးကျောင်းသားတွေက ဆက်ပြီးပညာသင်နိုင်ပေမဲ့၊ အသက်အ ရွယ်ရလာမှ တတိယနိုင်ငံရောက်သူတွေက မနိုင်ဝန်ထမ်း၊ အများတကာမလုပ်ချင်တဲ့၊ ကိုယ်လည်းစိတ်မ၀င်စားတဲ့ အ လုပ်တွေကိုလုပ်ရင်း မိသားစုဝမ်းစာနဲ့ သားသမီးတွေစနစ်တကျ ကြီးပြင်းနိုင်ဘို့ ပေးဆပ်နေရတယ်။ ဒါကိုယ်တွေ့။ ဒီနေ ရာမှာ၊ နိုင်ငံရေးတက်ကြွသူတွေ မဟုတ်တဲ့၊ ပြည်ပမှာအခြေစိုက်နေထိုင်တဲ့ သာမန် မြန်မာပြည်ဘွားညီအကိုတွေကို
ဆိုလိုတာမဟုတ်ဘူး။ အဲလို သာမန် ကိုယ့်နိုင်ငံသားပြည်သူတွေတောင် စစ်အာဏာရှင်ဆန့်ကျင်ရေးကို တတ်စွမ်းသ လောက် အားပေးကူညီပြီး ပါဝင်နေတာတွေ ရှိပါတယ်။ ဆိုလိုတာက ပြည်ပရောက်တိုင်းအချောင်သမားတွေ မဟုတ်ဘူး။

ကိုမိုးသီးတို့၊ ကိုထွန်းအောင်ကျော်တို့ မှားတာမှန်တာ အပထား၊ သူတို့စွန့်လွှတ်ခဲ့တာ၊ အနစ်နာခံခဲ့တာ ကိုယ်နိုင်ငံအ တွက် အချိန်တွေပေး၊ လေ့လာကြတာ၊ ပြောဆိုကြတာ၊ အာရုံနှစ်ပြီး လှုပ်ရှားနေတာကိုတော့ အသိအမှတ်ပြုပေးရမယ်။
အတိတ်က သူတို့မှားခဲ့တာကို သူတို့ခံရမှာပဲ။ ဒါမငြင်းလိုဘူး။ သူတို့မှားလို့ တစုံလုံးခံခဲ့ရတာတွေလည်း မငြင်းလိုဘူး။ ဒါပေမဲ့၊ လူဆိုတာ အမြဲတန်းမမှားနိုင်သလို၊ မှန်အောင်ကျိုးစားလုပ်ကိုင်နေသူတွေကို ကိုယ့်အသိုင်းအ၀ိုင်းကနေ ဆွဲခွာ ထုတ်ပယ်တာမျိုး မလုပ်သင့်ဘူး။ အပြစ်ရှိရင်လည်း အများကပစ်ထားမှာ မဟုတ်ဘူး။

Thursday, October 6, 2011

ကမ္ဘာ့လူရမ်းကားကြီး တရုတ်ရဲ့ ၂၁ ရာစု ကျုးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာ ပထမ ပစ်မှတ်က မြန်မာပြည်

ပကတိဖြစ်ပျက်နေတာတွေအပေါ် အခြေခံထားတဲ့ အနာဂတ် ခန့်မှန်းချက်တခုကို လေ့လာ မှတ်သားမိသလောက် ဖော်ပြလိုက်ပါတယ်။ ဒီအကြောင်းကို အနောက်အုပ်စုနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကလည်း ကြိုတင် တွက်ဆ ထားပြီးဖြစ်သလို မြန်မာ အတော်များများကလည်း သိထားပြီး ဖြစ်ပါလိမ့်မယ်။


၂ဝ၁၃ မှာ မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်ဘက်ကို ပို့လွှတ်မယ့် ရေနံနဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်းက ပြီးပါမယ်။ ပိုက်လိုင်းတလျှောက် အမြန်မီးရထားလမ်း ဖောက်လုပ်ဖို့ကလည်း ပိုက်လိုင်းစီမံကိန်းထဲမှာ ကုန်သွယ်ရေးကိစ္စလို့ နာမည်ပေးထားတာ ရှိပါတယ်။ အာဖရိကတိုက် တတိုက်လုံးနဲ့ အရှေ့အလယ်ပိုင်းကလာတဲ့ ရေနံတွေအပြင် မြန်မာနိုင်ငံက ဂက်စ်တွေဟာ အဲဒီ ပိုက်လိုင်းတွေကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို သယ်ယူမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အနည်းဆုံး ၈ဝ % ဖြစ်နေတော့ အင်မတန် တန်ဖိုးကြီးမားတာကြောင့် တရုတ်က ဒီကိစ္စမှာ နည်းနည်းလေးမှ အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ လောင်စာ စွမ်းအင် စပြတ်တာနဲ့ တရုတ်စီးပွားရေး ပျက်စီးရာက အစပြုပြီး လူထုအုံကြွမှုတွေ ဆင့်ကဲဆင့်ကဲ ကြီးထွား ပေါက်ကွဲလာတဲ့အခါ တရုတ်တပြည်လုံး ပြိုကွဲသွားနိုင်လို့ ဖြစ်ပါတယ်။

၂ဝ၁၉ မှာ ပြီးမယ်ဆိုတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာကို တရုတ်က သူတို့ကိုယ်တိုင်တည်ဆောက်၊ သူတို့ကိုယ်တိုင် ကိုင်တွယ်မောင်းနှင်ပြီး နှစ် ၃ဝ ပြည့်ပြီးရင် မြန်မာနိုင်ငံကို လွှဲပြောင်းဖို့ (BOT agreement – Build, Operate, Transfer) စာချုပ်မှာ ရှိပါတယ်။ ရေနံနဲ့ ဂက်စ်ပိုက်လိုင်းကို ထိန်းသိမ်းနိုင်ဖို့က သိပ်အဓိကကျတာကြောင့် မြစ်ဆုံဆည် စီမံကိန်းမပြီးခင် တည်ဆောက်ဆဲကာလမှာ ဆည်တည်ဆောက်တာကို ကာကွယ်ဖို့ဆိုပြီး တရုတ် စစ်တပ်က နည်းလမ်းအမျိုးမျိုးနဲ့ ကျူးကျော် ဝင်ရောက်လာနိုင်ပါတယ်။ လိမ်လည်လှည့်ဖျားမှုတွေနဲ့ ဟန်ဆောင်လို့ မရရင်တော့ ဗြောင်ကျကျ ဝင်ရောက် မလာဘူးလို့လည်း မပြောနိုင်ပါ။ တရုတ်ကျူးကျော်ဖို့ မြန်ဆန်သွားအောင် နေပြည်တော်ဘက်မှာဆို လေယာဉ် ဆင်းတက်လို့ရတဲ့ ကားလမ်းကျယ်ကြီးတွေကလည်း အဆင်သင့် ရှိနေသလို ဖြစ်သွားပါတယ်။

အိန္ဒိယသမုဒ္ဒရာဘက်က တရုတ်ကုန်တင်သင်္ဘောတွေကို စောင့်ရှောက်နိုင်ဖို့ အကြောင်းပြုပြီး
၂၁ ရာစုနှစ် တရုတ်ကျူးကျော်မှုက မြန်မာနိုင်ငံမှာတင် ရပ်သွားမှာ မဟုတ်ဘဲ ကျန်တဲ့ အာဆီယံနိုင်ငံ အားလုံးကို ခြိမ်းခြောက်လွှမ်းမိုးပြီး နောက်ထပ် ကျူးကျော်ဖို့ ရှိလာနိုင်ပါတယ်။ ဒါဟာ ထိုင်ဝမ်နဲ့ Spratly ကျွန်းစုကို သိမ်းပိုက် နိုင်ဖို့အတွက် ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ထဲက ကျွန်းငယ်ပေါင်း ၄၅ ကျွန်းလောက်ရှိတဲ့ Spratly ကျွန်းစုဟာ ရေနံနဲ့ ဂက်စ်တွေ အမြောက်အမြား ထွက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ထိုင်ဝမ်နဲ့ တရုတ်တို့က ဒီကျွန်းစုကို ပိုင်ဆိုင်ဖို့ ပြင်းပြင်းထန်ထန် အငြင်းပွားနေပါတယ်။ ဒါကို အင်အားသုံး ဖြေရှင်းမှ ရနိုင်မယ်လို့ တရုတ်က တွက်ဆထားပါတယ်။

ဒါဟာ တရုတ်ရဲ့ အရှေ့နဲ့ အရှေ့တောင်အာရှ မဟာဗျူဟာ အကြမ်းထည်ပါ။ အိန္ဒိယနိုင်ငံကို ကြားညှပ်မယ့် တောင်အာရှ မဟာဗျူဟာနဲ့ တောင်-မြောက် ကိုးရီးယားကျွန်းဆွယ်တခုလုံးကို သိမ်းပိုက်မယ့် အရှေ့မြောက် မဟာဗျူဟာတို့ကလည်း အသီးသီး ရှိပြီးသား ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရဟာ နှစ် ၅ဝ ကနေ နှစ် ၁ဝဝ နှစ်ရှည် စီမံကိန်းတွေအတွက် မဟာဗျူဟာ ထားရှိ လုပ်ဆောင်လေ့ရှိပါတယ်။ လက်ရှိတရုတ်ဟာ အခုဆိုရင် မှန်းထားတာထက် ပိုမိုမြန်ဆန်ပြီး ချမ်းသာလာလို့ အရှိန် ပိုကောင်းလာနေပါတယ်။

တရုတ်ဟာ ၂၁ ရာစု မဟာအင်အားကြီးနိုင်ငံဖြစ်ဖို့ ရည်မှန်းချက်အတွက် နယ်မြေချဲ့ထွင်သိမ်းပိုက်နိုင်ရေးမှာ ဆယ်စုနှစ် ၂ ခု ကြာအောင် သူတို့ အကုန်အကျခံ လက်သပ်မွေးထားတဲ့ မြန်မာပြည်ကနေ စတင်ခြေလှမ်းတော့မှာ ဖြစ်ပါတယ်။ သိပ်လိုအပ်လာရင် ဒီထက်မက မြန်မြန်ဆန်ဆန်လုပ်ဖို့ ရှိလာနိုင်ပါတယ်။ လုပ်ပြီဆိုရင်လည်း တရုတ် ကွန်မြူနစ်ပါတီဟာ ဘာမှဂရုစိုက်မှာ မဟုတ်ပါ။ တရုတ်ကွန်မြူနစ်ပါတီအစိုးရမှာ အပြောတမျိုး အလုပ်တမျိုး လုပ်တဲ့အကျင့်၊ ဗြောင်လိမ်တဲ့အကျင့်၊ အနိုင်ကျင့်လိုတဲ့အကျင့်၊ ခိုးကြောင်ခိုးဝှက်လုပ်တဲ့အကျင့်၊ ကျေးဇူးကန်းတဲ့ အကျင့်၊ ဂုဏ်သိက္ခာမဲ့တာကို မရှက်မကြောက်တဲ့အကျင့်၊ ဝန်မခံဘဲ ဆင်ခြေဆင်လက် အလွန်များတဲ့အကျင့်၊ လူမိုက်မွေးတဲ့အကျင့် စတဲ့ မကောင်းတဲ့ အကျင့်ပေါင်းစုံ ရှိနေတာ တကမ္ဘာလုံး သိနေကြပါတယ်။ ဒီလိုရမ်းကား လာနေတာကို တကမ္ဘာလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းတိုက်ရမယ့်အဖြစ်ပါ။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာ စိုပြေအောင် တကမ္ဘာလုံးက ဝိုင်းဝန်းကြိုးပမ်းနေချိန် အခြားတဘက်မှာတော့ တရုတ်ကွန်မြူနစ်ပါတီအစိုးရဟာ သူ့လိုဘကို ဖြည့်ဆည်းဖို့ ကမ္ဘာကြီးကို ဖျက်ဆီးနေပါတယ်။

တနေ့က Facebook မှာ မိတ်ဆွေတဦးက အိုင်းစတိုင်းရဲ့ ကိုးကားချက်တခုကို ဖော်ပြလာပါတယ်။

The world will not be destroyed by those who do evil, but by those who watch them without doing anything.

Elbert Einstein

လူဆိုးလူရမ်းကားတွေကြောင့် ကမ္ဘာကြီးက ပျက်ဆီးမှာ မဟုတ်ပါဘူး။

သူတို့ရမ်းကားနေတာကို ဘာမှဝင်မတား၊ မနှိပ်ကွပ်ဘဲ ကြည့်နေသူတွေကြောင့်သာ ကမ္ဘာကြီး ပျက်စီးရပါလိမ့်မယ်။

ကျနော်တို့ဟာ ကမ္ဘာကြီးပျက်သွားမှ လိုက်ပြင်ရမယ့်အစား လူရမ်းကားတွေ ကမ္ဘာကို မဖျက်ဆီးခင် သူတို့ကို တားမြစ်နှိပ်ကွပ်တာက ပိုပြီး လွယ်ကူသက်သာပါလိမ့်မယ်။ ကဲ.. ကျနော်တို့ ဒီလူရမ်းကားတွေကို ဘယ်လို တားဆီးနိုင်ကြမလဲ။
http://www.yeyintnge.com/2011/10/blog-post_550.html မှကူးယူဖော်ပြသည်။
လွင်အောင်စိုး
၎-၁ဝ-၂ဝ၁၁


Thursday, September 29, 2011

နော်အုန်းလှနှင့်အဖွဲ့ န၀ဒေးရုပ်ရှင်ရုံအနီး နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပွား

ရန်ကုန် (၂၆.၉.၂၀၁၁)

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု လေးနှစ်မြောက် ဖြစ်တဲ့ ယနေ့နေ့လည်မှာ ရန်ကုန်မြို့တော်တ၀ိုက် လှုပ်ရှားမှု တချို့ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ တူညီဝတ်စုံ ၀တ်ဆင်ထားသူ ၁၀၀ ခန့်ဟာ မြောက်ဥက္ကလာကနေ ရန်ကုန်မြို့လယ်ကို သွားရောက် စုဝေးလှုပ်ရှားဖို့ အသွားမှာ လုံခြုံရေးတွေရောက်ရှိတားဆီးခဲ့တာလို့လည်း သိရပါတယ်။
”နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တီရှပ်ဆင်တူဝတ်ဆင်ထားတဲ့ လူ ၁၀၀ ကျော်က လူစုပြီး မြို့ထဲကို ချီတက်ဖို့ လုပ်နေတာဗျ။ အဲဒီအချိန်မှာ လုံခြုံရေး ရဲကားတွေ ရောက်လာပြီး ပိတ်တားကြတာ” လို့ ရန်ကုန်မြို့ မြောက်ဥက္ကလာ န၀ဒေးလမ်းဆုံ၊ န၀ဒေး ရုပ်ရှင်အနီးမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို မြင်တွေ့ခဲ့ရသူတဦးက ပြောပြပါတယ်။
လုံခြုံရေးရဲကား (၇)စီးခန့် လာရောက်တာဆီးခဲ့တာဖြစ်ပြီး စုစုပေါင်း လုံခြုံရေးအင်အား ၃၀၀ နီးပါးရှိတယ်လို့လည်း သိရပါတယ်။ စုပေါင်းလှုပ်ရှားဖို့ လူစုပြီး မြို့ထဲသွားဖို့ ကားတွေပေါ် ရောက်ရှိနေချိန်မှာ လုံခြုံရေးတွေက ၀ိုင်းဝန်းပိတ်ဆို့လိုက်တာ ဖြစ်ပြီး ရှေ့ဆက်တိုးခွင့်မရအောင် အင်အားအပြည့်နဲ့ တားမြစ်တဲ့ အပြင် လူ ၃ယောက်တတွဲ ၄ ယောက်တတွဲ လူစုခွဲစေခဲ့တယ်လို့လည်း သိရပါတယ်။
စုဝေးလှုပ်ရှားသူတွေက....ရွှေဝါရောင် တော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ် နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကိစ္စနဲ့၊ ဧရာဝတီအရေးကိစ္စ စတဲ့ အချက်တွေကို တောင်းဆိုဖို့ ဖြစ်တယ်လို့လည်း သိရပြီး အင်အား ၁၀၀ ကျော်ရှိတဲ့ ယခုလှုပ်ရှားသူတွေထဲကို နော်အုန်းလှ က ဦးဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်အထိ အခြေအနေတွေဟာ ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့တာမရှိပဲ ပြေပြေလည်လည် ဆွေးနွေးညှိနှိုင်းလုစုခွဲခဲ့ကြတယ်ဆိုပေမယ့် နောက်ထက် ဒီလို လှုပ်ရှားဆောင်ရွက်မှုတွေ တခြားအဖွဲ့၊ တခြားနေရာတွေမှာ ဆက်ဖြစ်လာနိုင်ခြေရှိတယ်လို့လည်း ခန့်မှန်းပြောဆိုနေတာတွေရှိနေပါတယ်။
(ရန်ကုန်အထူးသတင်းထောက်)

Monday, September 19, 2011

လောက်ကောင်များသို့

မောင်ကိုဦး

အခုတလော (ပိုတိကျအောင် ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း၊ နအဖ တဖြစ်လဲ အစိုးရသစ် အာဏာဆက်တည်မြဲ သွားတဲ့နောက်ပိုင်း) ကိုယ့်ကိုယ်ကို ဒီမိုကရေစီသမားပါလို့ ခေါင်းမြီးခြုံထားသူတွေထဲမှာ ဒီမိုကရေစီတိုက်ပွဲကြီးကို ပြိုကွဲစေအောင်၊ အချင်းချင်းသွေးကွဲအောင်၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လူထုအကြား သို့လောသို့လော အထင်မှားအောင် အကွက်ကျကျ သပ်လျှိုထိုးနှက် တိုက်ခိုက်တဲ့ နအဖ အာဏာပိုင်တွေ သဘောခွေ့ မနောတွေ့စေမယ့် ဆောင်းပါးတွေ၊ ပစ်စာတွေ၊ အတော်များများ ထွက်ပေါ်လာတာကို စိတ်မသက်သာဖွယ် တွေ့မြင်လာရပါတယ်။ (စေတနာမှန်နဲ့ တင်ပြဆွေးနွေးသူများကို မဆိုလိုပါ)

အထူးသဖြင့်တော့ တချိန်က(၂၀၁၀ရွေးကောက်ပွဲကာလအထိ) ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီမိခင်လိုတမျိုး၊ သူရဲကောင်း လိုတသွယ်၊ ကိုးကွယ် ဆည်းကပ်ရာ အဖြစ်တဖုံ၊ ဦးခေါင်းပေါ်တင်ထားမတတ် ပြောဆိုခဲ့သူတွေ၊ ဒေါ်စုအရိပ်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက် ဖြစ်စေ ခိုလှုံ စားသောက်နေသူတွေကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထားပြီး ရည်ရွယ်ချက်ရှိရှိ ထိုးနှက် တိုက်ခိုက်လာတာတွေကို တွေ့မြင်လာရခြင်းပါပဲ။

ထူးခြားတာက အရင်တုန်းက (တခြားခေါင်းဆောင်တွေ ရှေ့ဆင့်နောက်ဆင့် ထွက်လာပေမယ့်)မပြောခဲ့ဘဲ ဒေါ်စုထွက်လာမှဘာလို့ပြောကြတာလဲ။ ၂၃နှစ်လုံးလုံး တိုက်ပွဲပျော်လိုလို၊ နိုင်ငံရေးသမား တော်လှန်ရေးသမားလိုလို အရေခြုံခဲ့ကြသူတွေက အခုမှ ပွဲလန့်တုန်း ဖျာခင်းတဲ့ကိစ္စဟာ ရိုးသားရဲ့လားလို့ တွေးစရာဖြစ်လာပါတယ်။ နအဖ ခြေကုပ်ခိုင်သွားပြီလို့ ယူဆပြီး ဘက်ပြောင်းချင်လို့လား၊ ခြံခုန်ကောင်းအောင် မျက်နှာပြောင်တိုက်တာလား။ ကျားရိုးသွေးတိုက်တာပဲ ခံလိုက်ရ လို့လား။ မူလကတည်းက ဒီအကြံနဲ့ ဒီလိုရံခဲ့ကြတာလား။ ဒီလိုရေးသားပြောဆိုတာတွေဟာ ရိုးသားမှု ရှိရဲ့လား၊ လိပ်ပြာလုံရဲ့လား ဆိုတာကိုတော့ မှန်ရှေ့မှာ ကိုယ့်မျက်စေ့ကိုယ်တိုင်ရဲရဲကြည့်ပြီး မေးကြည့်နိုင်ဖို့တော့ လိုနေတာ အမှန်ပါပဲ။

ဒီဆောင်းပါးဟာ ဒေါ်စုနဲ့ ခေါင်းဆောင်တွေကို ထိလို့ ဆတ်ဆတ်ထိမခံ၊ အဝေဖန်မခံနိုင်လို့ ပြန်ချေပတဲ့ သဘောတော့ မဟုတ်ဘူး။ ဝေဖန်သင့်တာ ဝေဖန်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဝေဖန်သူဟာ ပညာဥာဏ် စဉ်းစားဥာဏ်ရှိပြီး ရန်သူ့လူမဟုတ်တဲ့ ရိုးသားစိတ်ရှိသူဆိုရင်တော့ ကာလံဒေသံ အဂ္ဂံ ဓနံ ဆိုတာတွေကို တွေးချင့်မယ်လို့ ယူဆမိပါတယ်။ တကယ်ကောင်းစေချင် ပြင်စေချင်တဲ့ စိတ်ကောင်းနှလုံးကောင်း ရှိသူ မှန်ရင်တော့ ဒီလို မီဒီယာက ပေါ်ပြူလာဖြစ်ရေး ဦးတည်ပြီး ဖွတာ ရေးတာမျိုး မလုပ်ပဲ သက်ဆိုင်ရာ ခေါင်းဆောင်တွေဆီ တိုက်ရိုက် ရေးသား အကြံပြု တင်ပြ ဆွေးနွေးတာမျိုး လုပ်ကြမှာ အမှန်ပဲ။ ဒေါ်စုကိုယ်တိုင်က လူထုအသံ ကြားချင်ပါတယ်ဆိုတာ လူထုရဲ့ ဝေဖန်အကြံပြုတင်ပြ တာကို လိုလားလက်ခံ တံခါးဖွင့်ထားတာပဲ မဟုတ်လား။

“ဘာပဲဖြစ်ဖြစ် ဝေဖန် အကြံပြုတာပဲ။ မှန်တယ်လို့ ထင်တာကို တင်ပြပြောဆိုရဲရမယ်။ ဒါသူရဲကောင်းစိတ်ဓါတ်ကွ။ ဒီမိုကရေစီပဲ။ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ရှိတယ်“ ဆိုပြီး ဟုတ်လှပြီထင်တလုံးနဲ့ ငါ့စကား နွားရ ပြောဆိုရေးသားနေကြတာလည်း တွေ့ရပါသေးတယ်။ ဝေဖန်အကြံပြုတယ်ဆိုတဲ့နေရာမှာ စိတ်စေတနာကောင်းနဲ့ အကြံပြုတာလား၊ အထင်ကရတွေကို ထိပါးစော်ကား ဝေဖန်လိုက်ရင် ပါမွှားကနေ အထင်ကရ ဖြစ်လာမလားဆိုပြီး တိုက်ခိုက်တာလား ခွဲခြားဖို့တော့ လိုပြန်တယ်။ မှန်တယ်ထင်တာကို တင်ပြ ပြောဆိုတာလား။ သူများမြှောက်ပေးလို့ ကြားဖူးနားဝ အခြေအမြစ်မရှိပဲ ဆင်ကန်းတောတိုးလုပ်နေတာလားဆိုတာလည်း သုံးသပ်ဖို့ လိုပြန်တယ်။ ဒီမိုကရေစီ ဒိမိုကရေစီဆိုပြီး ဒီမိုကရေစီကို မြတ်နိုးတာလား။ ဒီမိုကရေစီ ဆေးဆိုးတာလားဆိုတာလည်း ၀န်ခံရဲဖို့ လိုပြန်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပေါက်လွတ်ပဲစား ပြောဆိုခွင့်နဲ့တော့ မတူဘူးဆိုတာကိုတော့ သတိချပ်စေချင်တယ်။

ကိုယ်က ဟုတ်မယ်ထင်တဲ့သတင်းလေးနည်းနည်းရရုံ၊ ဒီလိုလေးတော့ ဖြစ်မယ်ထင်တယ်လို့ တွေးမိရုံ၊ ဒီလိုဆော်လိုက်လို့ကတော့ ငါတော့ နာမည်ကြီးတော့မယ်၊ပွဲဆူတော့မယ်လို့ ယူဆရုံနဲ့ အတင်းကာရော ရေးသင့်မသင့် ချင့်ချိန်ဖို့ လိုပါတယ်။ ဟုတ်မဟုတ် တိကျဖို့ လိုပါတယ်။ ရန်သူကဖြန့်တဲ့ သတင်းမှားကို အဟုတ်ထင်ပြီး စွတ်မတင်မိဖို့ လိုပါတယ်။ ဟုတ်တဲ့သတင်း၊မှန်တဲ့အကြောင်းအရာ ဖြစ်တယ်ဆို ရင်တောင် ဒီလို ဖေါ်ထုတ်ရေးသားရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာတော့ တွေးဖို့ သင့်ပါတယ်။ ရေးချင်တိုင်းရေးလိုက်လို့ အမျိုးသားရေး စိတ်ဝမ်းကွဲစရာ၊ ဒီမိုကရေစီရေး ပြိုကွဲေ၀၀ါး တွေဝေ တွန့်ဆုတ်စရာဖြစ်မယ်ဆိုရင် ဆင်ခြင်ဖို့ လိုလာပါလိမ့်မယ်။ တချို့ကိစ္စ တွေမှာ မီဒီယာက “ဖွ” မယ့်အစား စိတ်စေတနာကောင်းနဲ့ သက်ဆိုင်သူတွေဆီ တိုက်ရိုက်ဆွေးနွေးတင်ပြရင်ပိုအကျိုးရှိနိုင်တာမျိုးကိုလည်း ထည့်သွင်းစဉ်းစားစေချင်ပါတယ်။

ဒီနေရာမှာ စကားစပ်လို့ ဆရာလူထုစိန်ဝင်းရဲ့ သတင်းစာပညာသောင်းပြောင်းထွေလာထဲက ကောက်နှုတ်တင်ပြချင်ပါတယ်။ တိုက်ရိုက် မဟုတ်တောင်၊ တိုင်းပြည်၊ လူမျိုးနဲ့ချီပြီး ထိခိုက်နစ်နာစေတာမျိုးမဟုတ်တာ ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်လျှောက်နေတဲ့တိုက်ပွဲ တော်လှန်ရေးအတွက် မထိခိုက် မနစ်နာရအောင် ဆင်ခြင်သတိပြုသင့်တာလေးတွေ ဆင့်ပွားတွေးခေါ်နိုင်အောင်ပါ။

“တိုင်းပြည်အကျိုးစီးပွား လူမျိုးရဲ့အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့သတင်းမျိုးဆိုရင် ဘယ်လောက်ပဲမှန်တဲ့သတင်း၊ ကောင်းတဲ့သတင်းဖြစ်ဖြစ် ၊ သတင်းစာသမားတွေဟာ သတင်းကို လုံးဝဖျောက်ပစ်လိုက်တတ်ကြပါတယ်။ အင်္ဂလိပ်နယ်ချဲ့ လက်အောက်က လွတ်မြောက်ဖို့ တိုက်ခိုက်နေကြတဲ့ကာလမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ပြည်ပအကူအညီရှာဖို့ တိတ်တဆိတ် နိုင်ငံခြားကို ထွက်ခွာ သွားခဲ့ ပါတယ်။ နောက်တော့ ဂျပန်မှာ စစ်သင်တန်းတက်ဖို့ လူငယ်လူရွယ်တွေကို တိတ်တဆိတ်စုဆောင်းပြီး တစ်သုတ်ပြီးတစ်သုတ် ဂျပန်ကို ပို့ပေးခဲ့ပါတယ်။ ဒီကိစ္စတွေကို နယ်ချဲ့အစိုးရရဲ့ ပုလိပ်နဲ့ရဲစုံထောက်တွေ မသိကြပေမယ့် မျိုးချစ်မြန်မာတွေနဲ့ သတင်းစာဆရာတွေကတော့ ရိပ်မိ သိရှိနေကြပါတယ်။ ဒါပေမဲ့ ဘယ်သတင်းစာကမှ လေသံလေးတစ်သံတောင် ထွက်မလာရလေအောင် သတင်းတွေကို ဖျောက် ထား ခဲ့ကြ ပါတယ်။

ဂျပန်တော်လှန်ရေးကာလမှာ ဗိုလ်မှူးကြီးဗထူးဟာ မလွှဲမရှောင်သာတဲ့အကြောင်းများကြောင့် တစ်နိုင်ငံလုံးအတွက် သတ်မှတ် ထားတဲ့ ရက်မတိုင်မီမှာ စောပြီး ဂျပန်ကို တော်လှန်တိုက်ခိုက်ခဲ့ရပါတယ်။ အဲဒီအခါမှာ ဂျပန်တွေကို လှည့်စားဖို့အတွက် ဗိုလ်မှူးကြီး ဗထူးက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဂျပန်ရုပ်သေးမြန်မာအစိုးရကိုပါ ဆန့်ကျင်ပုန်ကန်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး တပ်ဖျောက် သွားခဲ့ ပါတယ်။ ဒီသတင်းရဲ့ ဇာစ်မြစ်အမှန်ကိုလည်း သတင်းစာဆရာတွေရော မြန်မာတမျိုးသားလုံးပါ သိနေကြတာပါပဲ။ ဒါပေမယ့် ဒီသတင်းကိုလည်း ဂျပန်တွေမသိအောင် မြန်မာတမျိုးသားလုံးက ဖျောက်ထားနိုင်ခဲ့ကြပါတယ်”

၆ နှစ်မက လူထုရှေ့က ဖယ်ရှားထိန်းသိမ်းခံထားရသူက ၄-၅လ အတွင်းမှာ အရာခပ်သိမ်းနီးပါးကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာ… ဖြစ်နိုင်၏ မဖြစ်နိုင်၏ ဆိုတာကိုလည်း ဝေဖန်အကြံပြုပါတယ်ဆိုတဲ့သူတွေ စဉ်းစားစေချင်ပါတယ်။ဒေါ်စုပြောတဲ့ထဲမှာ မှားသွားတာတွေရှိမယ်။ ကိုယ့်အယူအဆနဲ့ မတူတာတွေရှိမယ်။ အခြေအနေအချိန်အခါအရ ထိန်းသိမ်းပြောဆိုလုပ်ကိုင်တာတွေဟာ ကိုယ့်သဘောနဲ့ မတိုက်ဆိုင်တာ၊ မတူညီတာတွေရှိမယ်။ ဝေဖန်ခွင့်ရှိပါတယ်။ အကြံပြုခွင့်ရှိပါတယ်။ ဒါပေမယ့် ဘာကြောင့်ဒီလိုပြောသလဲ။ ဘာကြောင့်ဒီလိုလုပ်သလဲ။ ကိုယ်မသိ ကိုယ်မတွေးမိတဲ့ အခြေအနေ ရှုထောင့်တွေရှိနေလား။ ချင့်ချိန်စေလိုပါတယ်။ ကိုယ်က ပညာဥာဏ် ရှိသူမို့ ဝေဖန်မယ် ဆိုရင်လည်း ပညာတတ်ပီပီ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်မြင်တာ၊ ကိုယ်လုပ်စေချင်တာကို တဖက်သား လက်ခံလာအောင် ပြောဆိုရေးသားတင်ပြတဲ့နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ တိုးတိုးတိတ်တိတ် ဝေဖန်အကြံပြုသင့်ရင် ပြုရပါမယ်..။ တင်ပြ ဆွေးနွေးတာဟာ တိုက်ခိုက်တာနဲ့ မတူပါဘူး။ မြှောက်တင်လိုက် ရိုက်ချလိုက်လုပ်တာမျိုးဟာ ဘောလီဘောပွဲအတွက် အသုံးတည့် ကောင်းမွန် ပေမယ့် နိုင်ငံရေးဝေဖန်အကြံပြုတာဟာ ကစားပွဲမဟုတ်တာကို သတိပြုပါဦးလို့ ဆိုချင်ပါတယ်။ ကိုယ်က ခေါင်းဆောင်တွေ လုပ်တာ အားမရပဲ ခေါင်းဆောင်တွေထက်ပိုတွေးခေါ်နိုင်ပြီး တိုင်းပြည်အကျိုးအတွက် ခေါင်းဆောင်တွေ မှားနေတာကို ပြုပြင်လာအောင် ဝေဖန်အကြံပြုတယ်ဆိုရင်လည်း ခေါင်းဆောင်တွေ လိုက်နာနိုင်အောင် နည်းနာလေးတွေတော့ သုံးဖို့လိုအပ်မယ်ဆို သုံးသင့်ပါတယ်။ သိုသိပ် လျှို့ဝှက်စွာ တင်ပြခဲ့ပြီးပြီ။ မပြုပြင် မလိုက်နာလို့၊ မီဒီယာက ဒီလိုဖွင့်ချပြောဆိုဖို့ တကယ်လိုအပ်တယ်လို့ ယူဆပြီးတင်ပြရတာမျိုးဆိုရင် တော့ သဘောတော်အတိုင်းပဲ ရှိပါစေလို့ဆိုရမှာပါပဲ။

(ဘေးထိုင်ဘုပြောနဲ့ ကိုယ်တိုင်က ဘာမှ အဖြစ်ရှိအောင် မလုပ်ပဲ ထိုင်ဝေဖန်နေရင်တော့ ကိုယ့်တန်ဖိုးကိုယ် နားလည်ဖို့ ကောင်းပါတယ်။) ကိုယ်တိုင်က ဘယ်အတိုင်းအတာအထိ ဆောင်ရွက်နေသလဲ။ ကိုယ်ရော တာဝန်ကျေရဲ့လား။ စေတနာရော မှန်ရဲ့လား။ ဆိုတာကိုတော့ ဦးစွာ သုံးသပ်ပါဦး။ ကိုယ့်ကိုယ်ကို အရင်ဝေဖန် ပါဦးလို့ ပြောပါရစေ။ ကိုယ်က ဘယ်ဘက်ကလဲ။ ဘယ်လိုလူမျိုးလဲ ။ စဉ်းစားစေချင်ပါတယ်။ ဒီနေရာမှာ ဆရာတင်မိုးရဲ့ကဗျာတပုဒ်ကို ဖတ်ကြည့်စေချင်ပါတယ်။



ဘယ်ကရဲဘော်လဲ

တင်မိုး

သူ့မယုံရ ကိုယ့်မယုံရ

သံသယတွေပိုက်

ဟိုတစ သည်တစပြိုကွဲ

ဘယ်ကရဲဘော်ဖြစ်မှာလဲ။

တီးတိုးတီးတိုး

သဖန်းပိုး

ကွယ်ရာတမျိုး ရှေ့တမျိုး

ခြေထိုးမတော် ချော်လို့လဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။

နေရာပိုင်မှု အပြိုင်လု

လူထုအတွက် ပြည်သူ့အတွက်တဲ့

အရှက်ကနည်း၊ သွေးကခွဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။

ခြေပုန်းခုတ်လို့ ဂုတ်ပေါ်တက်

မျက်နှာနှစ်ဖက် လျှာနှစ်ခွ

နှစ်ဖက်လွှနဲ့ သတ်လျှိုခွဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။

တင်မိုး ၁၆.၃.၂၀၀၀ (ကြာသာပတေး ညနေခင်း)

ဒေါ်စုတို့ လုပ်သမျှ အကုန်မှန်ပါတယ်လို့ မဆိုလိုပါဘူး။ အမှားတွေ ရှိတာပါပဲ။ လမ်းများများလျှောက်သူဟာ ခလုပ်တိုက်မိတတ်ပါတယ်။ ကိုယ်က လမ်းကောင်းရောက်ဖို့ လမ်းဝင်မလျှောက်ပဲ ဘေးက ထိုင်နေမယ်ဆိုရင်တောင် “ဟော ခလုပ်တိုက်ပြီ။ တိုက်မှာပေါ့ အသုံးမှ မကျပဲ” လို့ ထိုင်ပြောနေမယ့်အစား “ခလုပ်တိုက်တော့မယ်.. ဘယ်လို ဘယ်သို့ ရှောင်ကွင်းပြီးတော့သွား” လို့ အကြံကောင်းပေးခဲ့သင့်တာပေါ့။

ဒေါ်စုဟာ သိကြားမင်းမဟုတ်ပါဘူး။ ဥုံဖွဆရာလည်း မဟုတ်ပါဘူး ။ မိန်းမသားတဦးပါ။ အနှစ်၂၀ ကျော် တာဝန်ထမ်းဆောင်ပြီးပြီ။ တာဝန်မကျေခဲ့ဘူးလား၊ ရာနှုန်းပြည့်မဟုတ်တောင် ယေဘူယျအားဖြင့် သူ မှန်ခဲ့တာတွေ ထည့်မတွက်တော့ဘူးလား၊သူမပါပဲနဲ့ ဖြစ်နိုင်သလား။ မျက်စိတဆုံးမကြည့်ဘဲ (မျက်ကန်းအကြား မျက်ကန်းအမြင်နဲ့) ကုန်းမအော်မိဖို့လိုပါတယ်။ ဒေါ်စု နောက်ဆုံးအကြိမ် ပြန်လွတ်လာပြီး နောက်တနေ့လူထုနဲ့ တွေ့ဆုံပွဲမှာ “ကျမကို ၀ိုင်းတာဝန်ပေးတာကို မကြောက်ပါဘူး၊ တာဝန်မကျေမှာပဲ ကြောက်တာပါ” လို့ ရိုးရိုးသားသား ပြောခဲ့တာလေးကိုတော့ သတိပြုစေချင်ပါတယ်။

ဘယ်အထိ လုပ်စေချင်တာလဲ။ နိုင်ငံရေးလုပ်တာဟာ ဘောလုံးကန်နေတာ မဟုတ်ပါဘူး။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ဖို့ဆိုတာ လူထုအားပါဖို့လိုပါတယ်။ လူထုထဲမှာ ဝေဖန်သူကိုယ်တိုင်လည်း လူထုဆိုတာ မမေ့သင့်ပါဘူး။ ကိုယ်ရော လုပ်နိုင်ပြီလား။ လုပ်နိုင်သလား။ လုပ်တတ်သလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ လူထု အထောင်အသောင်းကို မစည်းရုံးနိုင်ရင်နေပါ။ ပြည်ပမှာ ပေးစာကမ်းစာလေး လက်ဖြန့်နေရုံမဟုတ်ပဲ ပြည်တွင်းမှာ လူ၁၀၀ ပြည့်အောင် ကိုယ့်ကို ထောက်ခံအောင် လုပ်နိုင်ပြီလားလို့ ပြန်မေးစရာရှိပါတယ်။ အဲဒီလောက်လုပ်နိုင်ပါတယ်ဆိုရင်တော့ အဲဒီသူကို အားရပါးရ ကြိုဆိုလိုက်ချင်မယ်။ လူထုအတွက် လမ်းပြဦးဆောင် ပေးမယ့် အရည်အချင်းပြည့်တဲ့ ရိုးသားတဲ့ခေါင်းဆောင်ကောင်းတွေ အင်မတန် လိုအပ်နေတာမဟုတ်လား။ ဒီလိုမှမဟုတ်ပဲ ကိုယ့်လို ပုလင်းတူ အချင်းချင်းတောင် လက်ဆယ်ချောင်းပြည့်အောင်၊ ညီညွတ်အောင် စည်းရုံးနိုင်ပါရဲ့လားလို့ပဲ ကိုယ့်ကိုယ်ကို ပြန်မေးစေချင်ပါတော့တယ်။

“ကျုပ်တို့က ဝေဖန်တဲ့သူ၊ အကြံပြုတဲ့သူ၊ နိုင်ငံရေးခေါင်းဆောင် လူထုခေါင်းဆောင်မဟုတ်ဘူး။ ကျုပ်တို့လုပ်ဖို့ မလိုဘူး။ သူပဲလုပ်ဖို့လိုတယ်ဗျ“ ဆိုပြီး ဆင်ခြေပေးမယ်ဆိုရင်တော့ ကိုယ့်အဆင့်ကို ကိုယ့်ဘာသာနားလည်ဖို့ကောင်းပြီလို့ပဲ ဆိုပါရစေ။

ဆွေးနွေးဝေဖန်ပါ။ ဒါပေမယ့် ရေးသားဝေဖန်ဆွေးနွေးသူတွေဟာ ရိုးသားရဲ့လား။ စေတနာ မှန်ရဲ့လား။ ရိုးသားစေတနာမှန်ပြီး ဒီမိုကရေစီတိုက်ပွဲအပေါ် သစ္စာမဖေါက်သူတွေဆို ရန်သူဝမ်းမြောက်အောင် ဒီလို သွေးခွဲစာတွေ ရေးပါ့မလား။ ရေးသူတွေဟာ ဒီလူတွေ မှားနေတယ်ဆိုရင် ဘာလို့ လွန်ခဲ့တဲ့ ၂၃ နှစ်လုံးလုံး မပြောပဲ ဘာတွေငုံပြီး နှုတ်ပိတ်နေခဲ့ကြတာလဲ။ အခုမှ ဥာဏ်အလင်းပေါ်ပြီး တရေးနိုး ထအော်တာဆိုရင်လည်း အခြေအနေနဲ့ အချိန်အခါကိုသုံးသပ်ပြီး ကိုယ့်လုပ်ရပ်ကို ဆုံးဖြတ်ဖို့ လိုပါတယ်။ “ဟိုတုန်းထဲက ပြောမလို့၊ ပြောဖို့သင့်မသင့်၊ အကြံပြုဖို့ သင့်မသင့် သုံးသပ်ရင်း အချိန်ကုန်ခဲ့တာပါဆိုရင်လည်း ဒီလောက်အချိန်ကြာကတည်းက တွေးတောဆင်ခြင်နိုင် သူဆိုရင်လည်း ကိုယ့်စေတနာမှန်နဲ့ တင်ပြပြောဆိုမှုကို ဘယ်လိုတယ်ပြမှ ထိရောက်မယ်ဆိုတာကို သိမှာအမှန်ပါပဲ။ အခုလို မီဒီယာက ထိုးဖွ လိုက်ခြင်းအားဖြင့် (၁) ရန်သူဝမ်းသာမယ်။ (၂)ကိုယ့်အချင်းချင်းကြား သွေးကွဲပြီး ညီညွတ်မှုပျက်ပြားမယ်။ (၃)ပန်းတိုင်ေ၀၀ါးကုန်မယ်။ (၄)ကိုယ့်မှာ ဗျူဟာတွေရှိမယ်ဆိုရင်တောင် လျှို့လျှို့ဝှက်ဝှက် ကြံစည်ဆောင်ရွက်သင့်တဲ့ကိစ္စတွေရှိခဲ့ရင် အဟောသိကံဖြစ်ပြီး အကျိုးယုတ်ကုန်မယ် ဆိုတာမျိုးလောက်တော့ ထည့်တွက်သင့်မယ်ထင်ပါတယ်။ရန်သူက အခြေခိုင်ပြီထင်ပြီး ခြေလှမ်းယိုင် ခြံခုန်ဖို့ ကြိုးစားတဲ့သူ၊ မူလကတည်းက သပ်လျှိုဒလံမို့ ဇာတိရုပ်ပြလာတဲ့သူအတွက်တော့ အထွေအထူးပြောစရာမလိုပါဘူး။

တခု ပြောလိုတာက မြန်မာလူထုရဲ့တော်လှန်ရေး၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သွေးစည်းညီညွတ်မှု၊ ဒီမိုကရေစီ မြတ်နိုးမှု၊ သစ္စာရှိမှု၊ တာဝန်သိမှု၊ ကြိုးစားရုန်းကန် အနစ်နာခံမှုတွေကြောင့် စစ်အာဏာရှင်တွေ ဘယ်လိုပဲ အောက်လမ်း အထက်လမ်း နည်းအမျိုးမျိုး သုံးပြီးချေမှုန်းချေမှုန်း ဒီနေ့အထိ တိုက်ပွဲအရှိန်မသေသေးဘူး။ ဒီမိုကရေစီတိုက်ပွဲ မကျဆုံးသေးဘူး။ မြင့်မြတ်တဲ့ ခွပ်ဒေါင်းအလံမလှဲ ရဲရဲရင့်ရင့် တလွှင့်လွှင့်ပျံနေတုန်းဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ရှေ့ဆက်မတက်နိုင်ဘူးဆိုရင်တောင် နောက်မဆုတ်ပဲ ရတဲ့နေရာက ကျားကုတ်ကျားခဲ မားမားမတ်မတ်ရပ်တည်ပြီး ဒူးမထောက် အညံ့မခံစတမ်း ရပ်တည်နေကြတာကိုတော့ ဥက္ခောမပြုသင့်ဘူးဆိုတာပါပဲ။ ဆရာတင်မိုးကဗျာတပုဒ်ကို ထပ်ကိုးကားပါရစေ။

ခွပ်ဒေါင်းခင်းတဲ့လမ်း

တို့တိုင်းပြည်က ကမောက်ကမ

ခေတ်နောက်ကျလို့ ပက်လက်လန်

ယက်ကန် ယက်ကန်

တော်လှန်ဟေ့ တော်လှန်

အသံကမြည်ဟိန်း။

ကျောချင်းခွာ၊ ဖျာချင်းလု

ဘယ်သူ့ကိုတော်လှန်ရမလဲ

လက်စမသိမ်း။

ပန်းတိုင်ပျောက်ပါလို့

လှမ်းကိုင်ထောက်စရာ မရှိပြီ။

လက်ညှိုးတွေ ပြန်လှန်ထိုး

ယိုးစွပ်ကြသည်။

သွေးနဲ့လောင်းခဲ့ကြတဲ့

ခွပ်ဒေါင်းတို့ အာဇာနည်

ပြန်လှန်၍ကြည့်စမ်း

ကိုယ်ကျိုးကို ဘယ်မငဲ့

ခင်းခဲ့တဲ့လမ်း။

မင်းတဲ့တဲ့လှမ်း။

တင်မိုး ၁၆.၃.၂၀၀၀ (ကြာသာပတေး ညနေခင်း)

ဒီခေါင်းဆောင်တွေ လမ်းလွဲနေပါတယ်ဆိုရင် ရေးသားဝေဖန်သူတွေမှာ လမ်းမှန်တွေရှိပါသလား။ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့ ကောင်းမွန် မှန်ကန်ပြီး လက်တွေ့ကျတဲ့ အစီအမံ တွေရှိသလား။ နည်းဗျူဟာ မဟာဗျူဟာကောင်းတွေရှိပါသလား။ ရှိခဲ့မယ်ဆိုရင်လည်း စေတနာမှန်နဲ့ ရိုးသားသူတွေဆိုရင်(အထက်မှာ ပြောခဲ့သလို) ပထမ ဒေါ်စုနဲ့ အဖွဲ့ချုပ်၊ ဒီမိုကရေစီ အင်အားစုတွေဆီ တင်ပြမယ်။ တင်ပြရဲ့သားနဲ့ (ကိုယ့်အယူအဆအရ) လက်မခံပဲ လမ်းလွဲသွားနေတယ်ထင်ရင် အဲဒီအခါမျိုးမှာမှ မီဒီယာက ဖွင့်ချချင်သပဆို ဖွင့်ချပေါ့။ ဘယ်နှစ်ခါလောက် တင်ပြခဲ့ဖူးပါသလဲ။ ဘယ်နှခါလောက် စေတနာမှန်မှန်နဲ့ အကြံပြုတင်ပြခဲ့ဖူးပါသလဲလို့ မေးဖို့ရှိလာပါတယ်။

တချို့လည်း တင်ပြအကြံပြုတာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို မီဒီယာကဖွင့်ချရေးသားလိုက်တဲ့အတွက် ကိုယ်လုပ်မယ့်အလုပ် က မှန်ကန်ကောင်းမွန်တယ်ဆိုရင်တောင် ရန်သူ့အတွက် ကြိုတင်ပြင်ဆင်ပိတ်ဆို့ဖို့ လုပ်ပေးလိုက်သလို ဖြစ်မသွားပေဘူးလား။

အကြံပြုတင်ပြသူတချို့က နည်းလမ်းလေးတွေတော့ ရေးဖူးတာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒါဟာလက်တွေ့နဲ့ အံဝင် ခွင်ကျဖြစ်နိုင် မဖြစ်နိုင် ပြန်သုံးသပ်စေချင်ပါတယ်။ ဘယ်ဘုရားမှာ ဘာလုပ်၊ ဘယ်လိုအဓိဌာန်ပြု၊ ဟိုလူက ဟိုလိုလုပ်။ ဒီလူက ဒီလိုလုပ်၊ ဟိုလူက ဟိုမှာနေ ဒီလူက ဒီမှာနေ ဆိုတာမျိုးနဲ့ ကိုယ့်ကိုယ်ကို ဗေဒင်ဆရာလိုလို၊ စခန်းမှူးလိုလို၊ ဘုရားကိုးဆူဆရာလိုလို စီမံနေရာချနေတဲ့ အကြံဥာဏ်မျိုး ကတော့ ကိုယ့်အချင်းချင်းမပြောနဲ့ ရန်သူတောင် ထိုင်ရယ် နေလိမ့်မယ်ဆိုတာတော့ တွေးဖို့ ကောင်းပါတယ်။ ဟိုနိုင်ငံမှာ ဟိုလိုလုပ်လိုက်လို့ အောင်မြင်တယ်ဆိုပေမယ့် ဒီနိုင်ငံမှာ ဒီလိုလုပ်ရုံနဲ့ အောင်ပါ့မလား။ အောင်ခဲ့ဖူးလား။ လက်တွေ့ကျကျ သုံးသပ်ဖို့ လိုလာပါတယ်။ ကိုယ်ဥာဏ်လေး တထွာတမိုက်နဲ့ ဟုတ်လှပြီဆိုပြီး ကလေးကလားဗျူဟာကိုင်၊ ထိုင်ဆဲနေရင်တော့ နိုင်ငံရေး ကံကြီးထိုက်တတ်ပါတယ်။

ပြန်စဉ်းစားပါ။ ကိုယ်စေတနာဟာရိုးသားပါရဲ့လား။ တဖက်အုပ်စုက ခိုင်နေပြီထင်လို့ ဘက်ပြောင်းဖို့ မျက်စပစ်တဲ့သဘောလား။ ဒါမှမဟုတ် အရင်ထဲက အဲဒီဖက်သားတွေဖြစ်ခဲ့ပြီး အခုလို အပြောင်းအလဲကာလမှာ ခါတော်မှီ ထိုးစစ်စင်တာလား။ ကိုယ်သိသလောက်လေးနဲ့ ပိုင်ပြီထင်ပြီး ပေါ်ပြူလာ လုပ်ချင်တာလား။ ကိုယ်ဟာ မြန်မာ့ဒီမိုကရေစီတိုက်ပဲအတွက် ဖျက်ပိုးလား၊ လောက်ကောင်လား။ နိုင်ငံရေး မိစ္ဆာကောင်တွေဖြစ်နေပြီလား။ နိုင်ငံရေးကံကြီးထိုက်ရုံမက နိုင်ငံရေး ပါရာဇိက ကျမယ့်သူလား။

ဝေဖန်သူတိုင်းကို အပြစ်မပြောလိုပါဘူး။ စိတ်စေတနာကောင်းနဲ့ ဝေဖန်အကြံပြုကြတာ အများအပြားပါ။ နိုင်ငံချစ်စိတ်၊ အမျိုးသားစိတ်၊ ဒီမိုကရေစီစိတ် မွန်မြတ်တဲ့စိတ်နဲ့ ဝေဖန်အကြံပြုကြသူတွေကို လေးစားပါတယ်။ ချီးကျူးပါတယ်။ ပဲလှော်ကြား ဆားညှပ်ဆိုသလို သစ္စာဖေါက်လောက်ကောင်တွေကြောင့် ညီညွတ်ရေးပျက်ပြား၊ ခေါင်းဆောင်မှုေ၀၀ါး အနှစ် ၂၀ကျော် တော်လှန်ခဲ့တဲ့ မြင့်မြတ်တဲ့သွေးတွေနဲ့ ထုဆစ်နေတဲ့ သမိုင်းဝင် တော်လှန်ရေးကြီးကို အိုးမဲအသုတ်မခံနိုင်လို့ ပြန်လည် တင်ပြဆွေးနွေးရခြင်းဖြစ်ပါတယ်။

ဝေဖန်သူတွေထဲမှာ မှန်ကန်သူတွေရှိပါတယ်။ ပညာရှိသတိဖြစ်ခဲ မှားသွားတာမျိုးလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒီလိုလူမျိုးအတွက်တော့ မန်လည်ဆရာတော် (မဃဒေ၀ပျို့) ထဲမှာ

ဥာဏ်ရှိယောက်ျား၊ မှားလတ်သောခါ ဆေးလွန်နာကို

ဆရာနောက်ဆက် အကုခက်သို့ ဖျက်၍အမြဲ ပယ်နိုင်ခဲ့၏။ လို့ ဆိုခဲ့သလို ဥာဏ်ရှိယောက်ျားဆိုရင် ဆေးမလွန်ခင် ဆင်ခြင်စေချင်တဲ့ စေတနာနဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ပဲ မုဆိုးတပိုင်း မိန်းမရိုင်းကြီးတွေလို စိတ်ရူးဝင်ပြီး အာဃာတပြင်းပြင်း အညှိုးအတေး သိပ်တင်းနေကြသူတွေကိုတော့.. ဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ထဲက စကားအတိုင်း…..

ဥာဏ်ဝင်္ကန္တ၊ ယုတ်မာလှသော၊ အမိုက်မအတတ်၊ သင်းကြံ၍သတ်သည်ကား၊ ဆက်ဆက်မုချ၊ မှန်တော့သည်။

သို့စဉ်မျှလောက်၊ မထောက်မဆ၊ ကြံရက်သည့်မိန်းမအား၊ မရသ၍ သူမမေ့ရှာပြီ။

ရှေ့သို့သံသရာ ဖြစ်တိုင်းမှာပင် လောင်စာရန်ငြှိုး၊ မီးဆက်၍ပျိုးမည်ကြောင့်… မိန်းမဆိုးအမုန်း သည်မျှနှင့် တုံးစေတော့.. လို့သာ မေတ္တာပို့ရတော့မယ် ထင်ပါရဲ့။

ဒီထက်ဆိုးတဲ့ သူတွေအတွက်တော့ ခပ်ရှင်းရှင်းပဲ ပြောရရင် ပုလင်းတူအချင်းချင်းကြား မြှောက်စားခံရလည်း မဆိုးလှဘူးအမြင်ကြံနဲ့ မိစ္ဆာဥာဏ် တထွာတမိုက်သုံးပြီး ရန်သူကြိုက် မျက်စပစ်၊ “ခွေးအ” ချင်း လက်ခုပ်ချူ ၊ ယုတ်ညံ့တဲ့စိတ်ဓါတ်နဲ့ ဒီမိုကရေစီပန်းတိုင်ပျက်အောင် ဘယ်လိုပင်အဆိပ်ခတ်ပေမယ့် လူထုခေါင်းဆောင်တွေအတွက်ကတော့ “ရွှေလရောင် ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ” ဆိုသလိုပဲလို့ ပြောလိုက်ချင်ပါတယ်။

သရော်စာလိုလို ကလော်စာလိုလို အရေးအသားတွေနဲ့ နိုင်ငံရေးက၀ိလိုလို ဟန်ဆောင်ပြီး ဒိမိုကရေစီကို အမဲဖျက်ဖို့ကြံသူတွေအတွက် ဆရာဝင်းတင့်ထွန်းရဲ့ ကဗျာတပုဒ်နဲ့ လက်ဆောင်ပေးရင်း နိဂုံးချုပ်လိုက် ပါတယ်။

ခွေးတကောင်အကြောင်း
ဝင်းတင့်ထွန်း

ခွေးဆိုတာ

မွေးတဲ့အရှင်

သခင်အကြိုက်

ကိုက်ရ ဟောင်ရ

မာန်ဖီရ

ဗီဇကိုက တိရိစ္ဆာန်။

မှန်တယ် မှားတယ်

ဘယ်သို့ ဘယ်ဝါ

မသိပါ။

သိလည်းအလကား

ဘေးဖယ်ထား

စားရတဲ့ဘက် အမှန်ပင်

ကျွေးတဲ့ဘက်က နေမြဲပင်။

အိမ်ကြီးရှင်က

အစာချကျွေး

ခွေးကိုမွေးတာ

သူ့အိမ် သူ့ခြံ

ကာကွယ်စေဖို့

စောင့်ကြပ်ဖို့

ထိန်းသိမ်းပေးဖို့

ဟောင်ပေးဖို့။

သည်ကြားထဲ

အားမရသေး

ကျားရိုးသွေးတိုက်

ကိုက်စမ်း၊ မိုက်စမ်း

ရမ်းလိုက်စမ်းဟေ့

စေ့ဆော်ထပ်ဆင့်

သွေးထိုးပင့်သော်။

မည်းမည်းမြင်ရာ

ထင်ရာထိုးလိုက်

ဟိန်းလိုက် ဟောက်လိုက်

မာန်ဖီလိုက်နဲ့

ခွေးမိုက်တကောင် နာမည်ကျော်။

မောင်ကိုဦး