Tuesday, September 7, 2010

အဖမ်းခံရသည့် အလုပ်သမားများ မြန်မာဘက်ကမ်းရောက်မှ ရိုင်းပြစွာဆက်ဆံခံရပြီး ငွေညှစ်ခံရ

တရားမ၀င်အလုပ်သမား ( ၃ )သိန်းခန့်ရှိသည့် တာ့ခ်ခရိုင်တွင် စက်တင် ဘာ ၃ ရက်နေ့၌အဆိုပါအလုပ်  သမားများကို အထူးစစ်ဆင်ရေးဖြင့် ဖမ်းဆီးမည်ဆိုသော သတင်းများကြောင့် စက်ရုံလုပ်ငန်းရှင်များမှ အလုပ် သမားလက်မှတ်မရှိသော ၎င်းတို့၏အလုပ်သမားများကို ၂ရက်နေ့ညပိုင်း မှစ၍ မြ၀တီမြို့နှင့် ဒေသအတွင်း နီးစပ်ရာဘုန်းတော်ကြီးကျောင်းများသို့ ခေတ္တပို့ဆောင်ထားသဖြင့် အလုပ်သမား ၅၂ ဦး ၃ရက်နေ့နံနက်ပိုင်းတွင် ဖာထေ့ရွာ ဘုန်းတော်ကြီးကျောင်း၌ ဖမ်းဆီးခံရကြောင်းသတင်းရရှိ ပါသည်။

နယ်မြေခံ ပြည်သူ့စစ်များနှင့် စစ်တပ်တို့မှ အာရုဏ်ဦးပိုင်းတွင်သေနတ်များပစ်ဖောက်၍ ရှောင်တိမ်းနေသည့် အလုပ်သမားများကို ၀ိုင်းဝန်းဖမ်းဆီးခဲ့ပါသည်။ 

ဖမ်းဆီးမှုတွင် လွတ်မြောက်ခဲ့သောသိုးမွှေးစက်ရုံမှ အလုပ် သမားဖြစ်သူ ကိုသက်ကလည်း " ကျတော်တို့ ဖာထေ့ ရွာဘုန်းတော်ကြီးကျောင်းကို ၂ရက် နေ့ ညဖက်ကတည်းက စက်ရုံတာဝန်ရှိသူတွေ ပို့ဆောင်လို့လာ ခဲ့တာပါ ၊ ကျတော်စက်ရုံကနေလာတဲ့သူ လူ၁၀၀ လောက်ရှိပါတယ်၊ မနက် ၄နာရီလောက်က ဖုံဖိုင်ရွာက စက်ချုပ်ရုံကနေ အလုပ်သမား ၂၀၀ခန့် ဘုန်းကြီးကျောင်းရောက်လာတဲ့အတွက် သူတို့နေထိုင်ဖို့ ဒီဖက်တော ကျောင်းလေးမှာဝိုင်းကူညီ ပေးကြတုန်း သေနတ်သံတွေရော အော်ဟစ်ဆူညသံတွေပါကြားလို့ ကျတော်တို့ ထွက်ပြေးခွင့်ရလိုက်တာပါ " ဟုပြောပြခဲ့ပါသည်။

အဆိုပါအဖမ်းခံရသည့် အလုပ်သမားများတွင် မိန်းခလေးအများစုဖမ်းခံရကြောင်းသိရပါသည်။ ထိုင်းအာဏာ ပိုင်များ၏ ဖမ်းဆီးခြင်းခံရသော အလုပ်သမ တဦးဖြစ်သည့် မအိမှ၎င်းတွေ့ကြုံမှုများကို " ကျမတို့မိန်းကလေး အများစုက ကျောင်းအောက်ထပ်မှာဆိုတော့ မနက် ၆နာရီလောက် စစ်တပ်ဝင်,၀င်လာချင်းအဖမ်းခံရတာ, သေနတ်တွေပစ် ဖောက်လို့ကျမတို့လည်း အရမ်းကြောက်ပါတယ်, ကျမတို့အဖမ်းခံရတာမိန်းကလေးများ တယ်, တောမောင်းရုံးကို ၁၀နာရီလောက်ရောက်တယ်, ညနေဖက်ရောက်တော့ ဟိုဖက်ကမ်းကို ၁၆ဂိတ်က နေပြန်ပို့ခံရပါတယ် "

မြန်မာဖက်ကမ်းသို့ပြန်လည်ပို့ဆောင်ခံရသော အလုပ်သမားများသည် ဂိတ်တာဝန်ရှိသူများ၏ ရိုင်းပြစွာပြော
ဆိုဆက်ဆံမှုများနှင့် တစ်ဦးလျှင် ဘတ်ငွေ ၁၀၀၀ တောင်းယူမှုများရှိကြောင်းသိရှိရသည်။

မြန်မာဖက်ကမ်းသို့ပြန်ပို့ဆောင်ခံရသော ကက်ဖီဘန်းသိုးမွှေးစက်ရုံမှ အလုပ်သမတစ်ဦးမှ မြန်မာအာဏာ ပိုင်များ၏ရိုင်းပြစွာ ၎င်းတို့အပေါ် ဆက်ဆံငွေတောင်းပုံကို " သမီးတို့ ၁၆ ဂိတ်ကနေ ၁ နာရီလောက်လှေစီးခဲ့ ရပြီး မာမီဂိတ်လို့ခေါ်သည့်နေရာကို ပို့ဆောင်ခံရပါတယ်,  စိတ်ထဲမှာတော့ အရမ်းစိုးရိမ်မိပါတယ်, ,ထိုင်းကစစ်တပ် ဖမ်းပေမယ့် သမီးတို့ကိုမဆူမငေါက်ဘူး , ဓါတ်ပုံရိုက် လက်ဗွေနှိပ်ပြီး ပြန်ပို့ပေးပါတယ် , သမီးတို့ နိုင်ငံဖက်ရောက်မှ ကောင်မချင်းထပ်နေအောင်ကြမ်းတမ်းတဲ့အပြောခံတယ် သမီးတို့ကမ်းစပ်နား မှာတန်းစီထိုင်ခိုင်းပြီးတော့ တယောက်ကို ၁၀၀၀ ဘတ်နဲ့ရွေးရမယ်လို့ပြောတယ်, သမီးတို့စက်ရုံက လူတွေ လိုက်လာပြီး သူတို့တောင်းတဲ့ငွေပေးလိုက်တော့မှ အအော်မခံရတော့ဘူး, နောက်ပြီးကားခထပ်ပေးရပြီး မြ၀တီကို ပြန်ခဲ့ရတယ် ဟုပြောပြခဲ့ပါသည်။


စက်တင်ဘာ ၃၊၄ ရက်နေ့များတွင် လက်မှတ်မရှိသည့် အလုပ်သမား ၂၀၀ကျော်ခန့်ဖမ်းဆီးခံရ၍ မြန်မာဘက်ကမ်းသို့ ပြန်ပို့ဆောင်ခံရကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်နေသော အဖွဲ့များမှပြော ကြားခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိမည်ဟု အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းထားကြပြီး ယင်းတို့အနက် အလုပ်သမား ၁ သန်း ၃ သိန်းခန့်သာ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် လျှောက်ထားကြောင်း သိရသည်။

No comments: