Tuesday, September 28, 2010

သမိုင်းကို ဘယ်သူဖန်တီးတာလဲ

သမိုင်းကိုဖန်တီးတာ ဘယ်သူလဲ။ လူစွမ်းကောင်းတွေလား၊ ပြည်သူပြည်သားလူအများလား။ ဒီမေးခွန်းကိုအငြင်းပွားခဲ့ကြတာ နှစ်ပရိစ္ဆေဒတွေမနည်းတော့ဘူး။ ယေဘုယျခြုံပြီးပြောရရင် လက်ယာသမားတွေက ရုစဗဲ့လို၊ ချာချီလို ဧရာမပုဂ္ဂိုလ်ကြီးတွေက သမိုင်းကိုဖန်တီးပုံဖော်တာလို့ဆိုကြပြီး လက်ဝဲသမားတွေက သမိုင်းဖန်တီးရှင်ဟာ ပြည်သူတွေသာဖြစ်တယ်လို့ယုံကြတယ်။




အဖြေမထွက်တဲ့ ငြင်းခုန်မှု

နှစ်ပေါင်းများစွာ အငြင်းပွားခဲ့ကြပေမယ့် အဖြေထွက်မလာဘူး။ နှစ်ဖက်စလုံးက ကိုယ့်အယူအဆကိုယ် ခိုင်ခိုင်မာမာဆုပ်ကိုင်ထားခဲ့ကြတယ်။ နှစ်ဆယ်ရာစုကုန်ဆုံးခါနီး နောက်ဆုံးဆယ်စုနှစ်နဲ့ နှစ်ဆယ်တစ်ရာစုရဲ့ ပထမဆုံးဆယ်စုနှစ်များအတွင်းရောက်တော့ နည်းပညာတိုးတက်မှုများဟာ မကြုံစဖူးအံ့သြစရာကောင်းလောက်အောင်ကို ခုန်ပျံကျော်လွှား ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ကွန်ပျူတာအင်တာနက်ဆက်သွယ်ရေး ပညာရပ်တိုးတက်မှုကြောင့် အချိန်နဲ့အကွာအဝေးဆိုတာ လူတွေအတွက် အတားအဆီးတစ်ခုသဖွယ် ဖြစ်မနေတော့ဘူး။ ကမ္ဘာ့အရှေ့စွန်းနဲ့အနောက်စွန်းမှာနေသူနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး စကားပြောနိုင်ကြတယ်။ လန်ဒန်ကဘောလုံးကွင်းမှာကန်နေတဲ့ ဘောလုံးပွဲကို လန်ဒန်သားတွေနဲ့ တစ်ချိန်တည်းဝါးဘလောက်သောက်ရွာသားတွေလည်း ကြည့်နိုင်တယ်။

သူဌေးသမီးရှာဖို့မလို

အင်တာနက်နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေက အချိန်နဲ့အကွာအဝေးကို ပျောက်ကွယ်သွားအောင် လုပ်လိုက်နိုင်ပြီလို့တောင် ပြောနိုင်တယ်။ အဆင့်မြင့်ပညာရပ်တွေ သင်ယူဖို့ ငွေကုန်ကြေးကျအများကြီး ခံစရာမလိုတော့သလို သူဌေးသမီးအပျိုကြီးကို ထမင်းထုပ်သိုးအောင် လိုက်ရှာစရာလည်း မလိုတော့ဘူး။ ပင်လယ်ကူးသင်္ဘောကြီးကို တစ်လလောက်ကြာအောင်စီးပြီး ဘိလပ်ရွှေမြို့တော်ကြီးအရောက် သွားနေဖို့လည်းမလိုတော့ဘူး။ အိုးမကွာ အိမ်မကွာနဲ့ သင်ယူချင်တဲ့ ပညာရပ်ကို အွန်လိုင်းကသင်လို့ရနေပြီ။ အောက်စဖို့တက္ကသိုလ်ကြီးက ဘွဲ့ယူချင်သလား၊ လန်ဒန်တက္ကသိုလ်ကြီးကပဲ ယူချင်သလား။ ဒါမှမဟုတ် အမေရိကန်မှအမေရိကန်ဆိုလည်း ဟားဗတ်ကယူမလား၊ ယေးလ်နဲ့စတန်းဖို့က ယူမလား။ ပရင့်စတန်နဲ့ဘာကလေက ယူမလား။ ကြိုက်ရာရွေးယူလို့ရတယ်။ ကွန်ပျူတာတစ်လုံး ရှိဖို့ပဲလိုတယ်။ တခြားဘာမှမလိုဘူး။ ပိုက်ဆံလည်း များများစားစားမကုန်ဘူး။

ဣစ္ဆာသယဓာတ်လုံး

လူတွေကဒီခေတ်ကို နည်းပညာခေတ်လို့ခေါ်ကြတယ်။ တချို့ကတော့ ပညာခေတ်လို့ခေါ်တယ်။ လက်ကိုင်တယ်လီဖုန်းလေး တစ်လုံးရှိရင်လုပ်ချင်တာကို ဘယ်သူမဆို စိတ်ရှိတိုင်းလုပ်နိုင်တယ်။

ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံသွားဖို့ မလိုဘူး။ သီချင်းနားထောင်ဖို့ ကက်ဆက်တွေ၊ ဓာတ်စက်တွေရှိဖို့ မလိုဘူး။ အင်တာနက်သုံးဖို့ ကွန်ပျူတာရှာစရာမလိုဘူး။ စာဖတ်ချင်လို့ စာကြည့်တိုက် သွားစရာမလိုဘူး။ ဈေးဝယ်ဖို့ ကုန်တိုက်ကြီးမှာ ခြေညောင်းခံ လျှောက်စရာမလိုဘူး။ လက်ကိုင်ဖုန်းလေးတစ်လုံးရှိရုံနဲ့ ဘာမဆိုလုပ်လို့ရတယ်။ လက်ကိုင်ဖုန်းဆိုတာ ဒီခေတ်ရဲ့ ဣစ္ဆာသယ ဓာတ်လုံးဖြစ်တယ်။

ဥုံဖွဆိုအကုန်ဖြစ်

ဖုန်းတစ်လုံးနဲ့ ဘာမဆိုလုပ်လို့ရတဲ့အတွက် လူတိုင်းဟာတန်ခိုးရှင်ဖြစ်လာတယ်။ ဥုံဖွဆိုပြီးဘာမဆိုကိုယ့်ရှေ့ရောက်အောင် လုပ်နိုင်တယ်။ ဒါကြောင့် သူရဲကောင်းတွေနဲ့လူစွမ်းကောင်းတွေရဲ့ခေတ် နိဂုံးချုပ်သွားပြီ။ ဒီခေတ်ကပြည်သူ့အာဏာ (People Power) ခေတ်ဖြစ်သွားပြီလို့ ကြွေးကြော်သူတွေက ကြွေးကြော်ကြတယ်။ ကြွေးကြော်လောက်အောင်လည်း နည်းပညာတွေက တစ်နေ့တခြားတိုးတက်လာတယ်။ တိုကျိုမြို့က နှလုံးခွဲစိတ်ကုသဖို့လိုတဲ့လူနာကို နယူးယောက်ဆေးရုံက နှလုံးခွဲစိတ်ကုဆရာဝန်ကြီးက ကွန်ပျူတာကတစ်ဆင့် တိုကျိုဆေးရုံခွဲစိတ်ခန်းထဲက စက်ရုပ်ကိုညွှန်ကြားစေခိုင်းပြီး ခွဲစိတ်ကုသတဲ့ အဝေးထိန်းခွဲစိတ်မှု (Virtual Surgery)တောင် လုပ်လို့ရနေပြီဖြစ်တယ်။

အပိုင်စီးထားလို့မရတော့
ကိုယ်နဲ့ဆိုင်တဲ့ သတင်းမီဒီယာနယ်ပယ်မှာတောင် အခုဆို "လူထု သတင်းသမား"(Citizen Journalist)ဆိုတာတွေ တစ်ပုံကြီး။ သတင်းစာဂျာနယ် လက်ကိုင်ရှိတယ်ဆိုပြီး ခေါင်းတမော့မော့၊ ရင်တကော့ကော့ လုပ်နေလို့မရတော့ဘူး။ 'ခက်ဖွယ်ရယ်ကြုံ၊ လက်နက်ကယ်စုံအညီနဲ့' ဆိုတဲ့ လံကြုပ်သတင်းမျိုးတွေလည်း လွှင့်ချင်တိုင်းလွှင့်လို့မရတော့ဘူး။ တိမ်ကြားမင်းခေါင်ပေါ်ပေါက်လာတယ်ဆိုတာမျိုးနဲ့လည်း လုပ်စားလို့မရတော့ဘူး။ လက်ဖက်ရည်ဆိုင်ထဲမှာတွေ့ရသမျှလူငယ်တိုင်းဟာ 'ဘလော့ဂါ' လေးတွေ ဖြစ်ချင်ဖြစ်နေတတ်တယ်။ ဘက်စကားပေါ်မှာ ကိုယ့်နားကပ်ထိုင်သွားတဲ့ကောင်မလေးကလည်း Facebook ကတစ်ဆင့် ဝေဖန်ချက်၊ ထင်မြင်ချက်တွေ မှန်မှန်ရေးနေတဲ့သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ရှေးကလို 'ခွင်' တစ်ခွင်ကို အပိုင်စီးထားလို့ မရတော့ဘူး။ လူတိုင်းရဲ့ခေတ်၊ ပြည်သူ့ခေတ်ဖြစ်နေပြီ။

ကြက်တူရွေးလို

ဒါကိုရည်စူးပြီး သူရဲကောင်းတို့ခေတ်၊ လူစွမ်းကောင်းတို့ခေတ် ကုန်ဆုံးသွားပြီ။ နိဂုံးချုပ်သွားပြီလို့ ကြွေးကြော်သူများက ကြွေးကြော်နေကြတာ ဖြစ်တယ်။ ဒါပေမဲ့ ခက်တာက အဲဒီ ကြွေးကြော်သူအများစုဟာ ကိုယ်ပိုင်အတွေးအခေါ် အယူအဆဒဿနရယ်လို့ မယ်မယ်ရရမရှိတာဘဲဖြစ်တယ်။ သူတို့က သူများရေးတဲ့စာအုပ်တွေဖတ်ပြီး၊ ကြက်တူရွေးလိုနှုတ်တိုက်ရွတ်နေကြတာ ဖြစ်တယ်။ ဟိုက နိဂုံးဆိုရင်ဒီမှာလည်းအားလုံးနိဂုံးဆိုလိုက် အော်ကြတာပဲ။ အော်တဲ့သူသုံး၊ လေးယောက်ဆုံမိပြီဆိုရင်တော့ အားလုံးနိဂုံး၊ နိဂုံးနဲ့ ယိမ်းကနေသလိုဖြစ်နေတော့တယ်၊ လူရယ်စရာကြီးပေါ့။

နောက်လိုက်ကောင်းဖြစ်အောင်လုပ်
လူစွမ်းကောင်းခေတ် နိဂုံးချုပ်သွားပြီလို့အော်နေတဲ့ ရပ်ကွက်ကပဲ သမိုင်းကိုပြည်သူတွေကရေးတယ်ဆိုတဲ့ အယူအဆကို ပြက်ရယ်ပြုပြောဆိုသံတွေ ထွက်လာတာတလောလေးက ခပ်သဲ့သဲ့ကြားလိုက်ရတယ်။ လူထုဆိုတာ အများစုကခေါင်းဆောင်တွေဖောက်တဲ့ လမ်းပေါ်တက်လျှောက်ကြတာပဲဖြစ်တယ်။ ချာချီလို၊ ရုစဗဲ့လို ခေါင်းဆောင်ကောင်းတွေကြောင့် ဒုတိယကမ္ဘာစစ်ကြီးကို နိုင်အောင်တိုက်နိုင်ခဲ့တာဖြစ်တယ်၊ပညာတတ်ပြီး အမြော်အမြင်ရှိသူတွေကိုသာ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ရမယ်။ လူထုဆိုတာယေဘုယျအားဖြင့် ပညာရည်အဆင့်နိမ့်ကျတယ်။ ခေါင်းမဆောင်နိုင်ဘူး။ ခေါင်းမဆောင်သင့်ဘူးလို့ဆိုကြပြီး လူထုအနေနဲ့က နောက်လိုက်ကောင်းဖြစ်အောင်သာ ကြိုးစားသင့်တယ်လို့ ဆုံးမသြ၀ါဒပေးကြတယ်။

ခေါမ၊ ရောမခေတ်အယူအဆ
ပညာခေတ်ဆိုတဲ့စကားကို ခုတုံးလုပ်ပြီး ရေပေါ်ဆီလူတန်းစား အခွင့်ထူးခံတစ်စုက သူတို့ရဲ့ရေပေါ်ဆီနေရာကို ကာကွယ်နေကြတာပါ။ သူတို့အယူအဆက ဘာနဲ့တူနေသလဲဆိုတော့ ပညာရှင်တွေကသာ တိုင်းပြည်ကိုအုပ်ချုပ်သင့်တယ်ဆိုတဲ့ ခေါမခေတ်၊ ရောမခေတ်က အယူအဆတွေနဲ့ ထပ်တူထပ်မျှပါပဲ။ နှစ်ဆယ့်တစ်ရာစုခေတ်လူထုဟာ ခေါမ၊ ရောမခေတ်က ကျွန်တွေမဟုတ်ကြတော့ဘူးဆိုတာ သူတို့မသိကြဘူး။ ရေပေါ်ဆီ(အီလစ်)တွေလိုပဲ အင်တာနက်ခေတ်၊ ပညာခေတ်ကြီးကို ဖြတ်သန်းလာခဲ့ကြတယ်ဆိုတာကိုလည်း နားမလည်ကြဘူး။ လူငယ်ဘလော့ဂါလေးတွေက ဂျာနယ်တိုက်ထဲက အယ်ဒီတာကြီးတွေထက်တောင် နည်းပညာလှိုင်းတွေထဲမှာ ကူးခတ်လှုပ်ရှားနိုင်ကြတယ်။ လှိုင်းလုံးကြီးတွေ ဘယ်လောက်ကြီးကြီး၊ ကောင်းကောင်းစီးနင်းလိုက်ပါနိုင်ကြတယ်ဆိုတာလည်း မသိကြပါဘူး။ ဘာကြောင့်လဲဆိုတော့သူတို့တတွေက ငါမှတစ်ပါး တခြားမရှိဆိုတဲ့တိမ်သလာတွေဖုံးပြီး အောက်ခြေလွတ်နေကြတာကိုး။

ဆက်လက်ဖော်ပြပါမည်။

လူထုစိန်ဝင်း

No comments: