Sunday, October 17, 2010

မိမိတို့သည် နိုင်ငံရေးပေါင်းစည်းမှုအင်အားအဖြစ် ဆက်လက်ရပ်တည်သွားမည် ဦးဝင်းတင်နဲ့ မေးခွန်းများ

၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲကာလ နီးလာချိန်အတွင်းတွင် စစ်အစိုးရ၏ ကြံ့ဖွံ့နိုင်ငံရေးပါတီ၏ တဖက် သတ် အသာစီးယူထားသော မဲဆန္ဒနယ်များအားလုံးတွင် မဲပေးရေး၊ မပေးရေး အငြင်းပွားနေကြဆဲဖြစ်ရာ၊ အချို့ကလည်း ကြံ့ဖွံ့နိုင်ငံရေးပါတီကလွဲ မည်သည်ပါတီဖြစ်စေ မဲထည့်မည်ဟု ပြောဆိုနေကြသံများလည်း ထွက်ပေါ်နေသည်ကို တွေ့ရသည်။

ပြည်နယ်နှင့် တိုင်း လွှတ်တော်ကြီးများအားလုံးရှိ အမတ်နေရာအားလုံးကို ၀င်ပြိုင်မည့် ကြံ့ဖွံ့ကို အခြား နိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလအမတ်များ ကိုယ်တိုင်က မည်သို့မျှ မနှိုင်းယှဉ်နိုင်သည်အဖြစ်ကို ရင်ဆိုင် နေကြရာ၊ အချို့ကလည်း လွှတ်တော်တွင်း လွှတ်တော်ပြင်ပတွင် ရေရှည် မည်သို့ ဆက်လက်ရပ်တည်သွားရ မည့် စိန်ခေါ်ချက်အတွက် အမျိုးမျိုး ၀ိဝါဒများ ကွဲလျက်ရှိသည်ကို တွေ့နေရသည်။

သို့ဖြစ်၍ ၁၉၈၈ စက်တင်ဘာလကတည်းက တရားဝင်ရပ်တည်ပြီး အတိုက်အခံနိုင်ငံရေးပါတီအဖြစ် စစ်အစိုး ရကို ရင်ဆိုင်ခဲ့သော၊ ဆက်လက်ရင်ဆိုင်လျက်ရှိသော မြန်မာပြည်၏ တခုတည်းသော အတိုက်အခံ ပါတီ အင်န်အယ်ဒီ၏ အတွေ့အကြုံများကို အခြေခံသည့် သဘောထားများကို ပါတီခေါင်းဆောင် ဟံသာဝတီ ဦးဝင်းတင်ကို မေးမြန်းခဲ့သည်။ ဆရာဦးဝင်းတင်က ပြောကြားရာတွင် - “ပြီးခဲ့တဲ့ အပတ်မှာကတည်းက ပြောခဲ့တယ်။ ဆရာဦးတင်ဦး ပြန်ရောက်လာတော့ လူကြီး၊ လူငယ်တွေ ဆုံကြ၊ နှုတ်ဆက်ကြတယ်။ အဲသည်မှာ ကျနော်တို့နဲ့ သဘောချင်း မတူခဲ့ကြဖူးတဲ့ လူကြီးတွေက ပြောလာတယ်။ အဲသည်မှာ ဘယ်လို ပြောသလဲ ဆိုတော့ - ဦးဝင်းတင်တို့ အခုလို လုပ်တာတွေဟာ ကောင်းပါတယ်။ အခုလို လုပ်နေကြလို့လဲ အခုချိန်မှာ ကျနော်တို့ပါတီဟာ ရေရှည်မှာ ဆက်လက် ရပ်တည်နိုင်တယ်။ သူတို့က သီးသန့်ပြောလာတာဆို တော့ ကျနော်တို့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပါတီတွင်းမှာ ပိုပြီးတော့ အမြင် ရှင်းလာကြတယ်။ နားလည်မှု တွေ ပိုရလာကြတယ် လို့ ပြောချင်ပါတယ်။ ရှေ့ကို လုပ်မယ့် အစီအစဉ်၊ သဘောထား၊ ရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ ဘာပြောချင်သလဲ ဆိုတော့ - ပထမတချက်ကတော့ ၂၀၀၈ အခြေခံ ဥပဒေကို ဆက်လက်ပြီးတော့ ဆန့်ကျင်သွားမယ်၊ ပြန်လည်သုံးသပ်ပြီး ပြုပြင်ရေးဆွဲနိုင်အောင်လုပ်မယ်။ ဒီထက်လိုအပ်လာရင် အသစ်ရေးဆွဲနိုင်ဖို့ကို လုပ်မယ်။ ဒါက ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်ပေါ့။ နောက်တခုကတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဖြစ်ပါတယ်။ ဒါကို မစွန့်လွှတ်ဘူး။ နှစ်ပေါင်း ၂၀ ကျော် ဆက်လက် တောင်းဆိုနေဆဲ ဖြစ်တယ်။ ကျနော်တို့ ဒီအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိတယ်။ ကျနော်တို့ကိုယ်တိုင်က တောင်းဆိုနေတာတင် မဟုတ်တော့ဘဲ သူတို့တွေ ကိုယ်တိုင်က တောင်းဆိုလာ တာမျိုးကို ဖြစ်လာနိုင်တယ်။ နောက်ပေါ်လာမယ့် သူတို့ရဲ့ အရပ်သားအစိုးရဆိုတာမျိုးတွေ ကိုယ်တိုင်က နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် အင်န်အယ်ဒီကို ပစ်ပယ်ခြင်း မပြုနိုင်ဘဲ ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တောင်းဆိုလာတာမျိုး ဖြစ်လာနိုင်တယ်။ ဒါကလည်း အားလုံးလိုက်ပါ လာနိုင် တဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်တခု ဖြစ်တယ်။ နောက်အရေးကြီးတဲ့ အချက်ကတော့ ကိုယ့်ကိုယ်ကို ဘယ်လိုသဘောထားမလဲ။ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အင်အားကို ဘယ်လိုသဘောထားမလဲ ဆိုတာ ဖြစ်တယ်။ ဘယ်လိုမျိုး ဦးဆောင်မလဲ ဆိုတာဖြစ်တယ်။ဒါကို ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်တုန်းက ကျနော် တို့ ပါတီအနေနဲ့ ရပ်တည်ချက်၊ သဘောထားတခု တင်ပြဖူးတယ်။ ကျနော်တို့ ထောင်ထဲ မ၀င်ခင်ပေါ့။ အဲသည်တုန်းက ပါတီတွေက အသစ်တွေဖြစ်တယ်။ ပါတီတွေ ၀င်ကြရမယ့် ရွေးကောက်ပွဲကလည်း အသစ်ဖြစ်တယ်။ အဲသည်ရွေးကောက်ပွဲက ဖြစ်ပေါ်လာမယ့် လွှတ်တော်ဆိုတာကလည်း အသစ်ဖြစ်တယ်။ သည်တော့ အဲသည်က ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအကျိုးဆက်တွေကလည်း ဘယ်လို ဖြစ်လာမယ်မှန်း မသိကြသေးတဲ့ အချိန်ဖြစ်တယ်။ အဲသည်လိုမျိုးမှာ ကျနော်တို့က ထောက်ခံမှုတွေရအောင်၊ ရွေးကောက်ပွဲ အနိုင်ရအောင် တွန်းလုပ်ကြမယ့် အစား၊ လွှတ်တော်ပြင်ပ၊ ရွေးကောက်ပွဲ ပြင်ပမှာတင် အခြားပါတီများနဲ့ လက်တွဲနိုင်အောင်၊ မိတ်ဆွေဖြစ်နိုင်ကြရအောင် လုပ်ကြရမယ်လို့ တင်ပြခဲ့ဖူးတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မှာ စုစုပေါင်း အမတ်တွေထဲက ၂၅၀ လောက် ရနိုင်ရင် တော်ပြီပေါ့ဆိုပြီး ပြောခဲ့ဖူးတယ်။ 

ဒါကို ဗိုလ်အောင်ကြီးတို့၊ ကျနော်တို့ဆီက မျိုးချစ်တပ်မှုးဟောင်းများအဖွဲ့ထဲက တချို့တွေက လက်မခံနိုင် ခဲ့ကြဘူး။ နောက်ပိုင်းမှာ အင်န်အယ်ဒီက ၁၉ ၉ ၀ ရွေးကောက်ပွဲမှာ အမတ်ဦးရေ အများဆုံးနဲ့ နိုင်သွားတယ် ပေါ့ကွာ။ အဲသည်အခါကျတော့ အဲသည်တုန်းက ပါတီဦးဆောင်သူတွေက ဘာဖြစ်လာသလဲဆိုတော့ အခြား ပါတီတွေ၊ ကျောင်းသားပါတီတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲပြီးတော့ ဆက်ပြီး သွားကြမယ် ဆိုတဲ့ အစား ငါတို့ဖာသာ ငါတို့ ရပ်နိုင်တယ်၊ လုပ်နိုင်တယ်။ အခြား မိတ်ဆွေတွေ မလိုတော့ဘူးကွာ ဆိုပြီးတော့ ဖြစ်လာတယ်။ တကိုယ်တော်ပါတီအဖြစ် ရပ်တော့မယ် ဆိုပြီး ဖြစ်လာတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ စစ်အစိုးရကိုယ်တိုင်ကလည်း အာဏာမအပ်တဲ့ အခါကျတော့၊ လွှတ်တော်လည်း မခေါ်တဲ့အခါကျတော့ ပြီးဆုံးသွားတာပေါ့ကွာ။ ဒါကို ပြန်ကြည့်ပြီးတော့ ဒီနေ့ဒီအခါမှာ ကျနော်တို့တတွေက တကိုယ်တော်ပါတီ အဖြစ် ရပ်တည်နေလို့ မဖြစ်ဘူး။ ဟိုတုန်းကလိုမျိုး သဘောထားလို့ မရဘူးလို့ မြင်တဲ့အတွက် ကျနော်က ပြောချလိုက်တယ်။ အင်န်အယ်ဒီဟာ ရှေ့လျောက်သွားတဲ့နေရာမှာ မူလနိုင်ငံရေး ဦးတည်ချက်ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ဆန့်ကျင်ရေး၊ ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရေး ဆိုတာရယ်၊ ပြီးတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတာရယ်အပေါ်မှာ ဦးတည်ပြီးတော့ သွားတဲ့နေရာမှာ - ကိုယ့်ကိုယ်ကို ပါတီတို့၊ တပ်ပေါင်းစုတို့၊ တပ်ဦးတို့ ဘာတို့ ပြောမနေတော့ဘဲနဲ့၊ အခုအချိန်မှာ ပါတီလို့ အထူးတလည်ပြောနေတာ ထက် အင်န်အယ်ဒီကို နိုင်ငံရေးပေါင်းစည်းမှု အင်အားတခုအဖြစ် ကိုယ့်ကိုယ်ကို သဘောထားကြရမယ်။ အဲသည်လိုမျိုး ဖြစ်ကြရမယ်လို့ ပြောလိုက်တယ်။ အင်္ဂလိပ်လို ဓာတုဗေဒ စာလုံးက Catalyst ပေါ့ကွာ။ ဓာတ်ပေါင်းဖို့အတွက် ဓာတ်ကူတဲ့ ပစ္စည်းပေါ့ ဟုတ်လား။ ဒါက ဘာကြောင့်လဲဆိုတော့၊ လူထုဦးလှကွယ် လွန်တော့ အမှတ်တရစာအုပ်မှာ ကျနော် စာရေးခဲ့ဖူးတယ်။ 

လူထုဦးလှရဲ့ နိုင်ငံရေး၊ လူမှုရေးအလုပ်တွေ လုပ်ကိုင်တဲ့နေရာမှာ၊ တူတာ မတူတာတွေတွေ့ကြတဲ့နေရာမှာ၊ ရန်သူတွေ မိတ်ဆွေတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ကောင်းတဲ့ ဓာတ်ပေါင်းမှုဖြစ်ပေါ်လာအောင် သူက အမြဲကြိုး စားတယ်။ အဲသည်လိုမျိုး သူက Catalyst ဖြစ်တယ်။ ကျနော် ထောင်က ထွက်လာတဲ့အခါမှာ ကျနော်က ပြောဖူးတယ်။ ကျနော်ဟာ လူထုဦးလှလိုမျိုး Catalyst မျိုးဖြစ်အောင် ကျနော်က မကျင့်သုံးနိုင်ဘူး၊ မကြိုးစား နိုင်ဘူး။ ဒါကြောင့်လည်း ကျနော့်ရဲ့ စည်းရုံးရေးလုပ်ငန်းတွေမှာ မျှော်လင့်သလောက် မအောင်မြင်ခဲ့ဘူး၊ ဒါမျိုး ပြောခဲ့ဘူးတယ်။ အခုအချိန်မှာ ကျနော်က ဒါကို ထပ်ပြောတယ်။ အင်န်အယ်ဒီကိုယ်တိုင်က အဲဒီ သဘောထားကို ကိုင်စွဲသင့်တယ်။ ငါတို့ အင်န်အယ်ဒီပဲကွာ။ ငါတို့က အင်န်အယ်ဒီပဲ လုပ်ရမှာပဲကွာ လို့ ဆိုတာမျိုး လုပ်လို့ မရဘူး။ ဘယ်လိုမျိုး သဘောထားရမလဲဆိုတော့ - ငါတို့ဟာ နိုင်ငံရေးပေါင်းစည်းမှုကြီး တခု ကိုယ်တိုင်ဖြစ်တယ်။ ငါတို့ဟာ နိုင်ငံရေးပေါင်းစုမှု အင်အားကြီးအဖြစ် သဘောထားရမယ်လို့ ပြောလိုက် တယ်။ အဲသည်လို ပြောလိုက်တဲ့အတွက် ပြည်တွင်းမှာ ဒါက ဂယက်ဖြစ်သွားတယ်။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ၊ တသီးပုဂ္ဂလတွေကလည်း လာပြီး ဆွေးနွေးကြတယ်။ ကျနော်တို့ ရွေးကောက်ပွဲဝင်တာကို လက်ခံ ပေးမှာလား ပေါ့ မေးလာကြတယ်။ ကျနော်က ဟိုတခါတုန်းက ရွေးကောက်ပွဲကနေပြီး နှုတ်ထွက်သွားတဲ့ ပါတီတခုက ခေါင်းဆောင် လူငယ်တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းကို ပြောခဲ့တဲ့ စကားအတိုင်းပဲ ကျနော် ရှင်းပြ တယ်။ ကျနော်တို့ အင်န်အယ်ဒီရွေးတဲ့ လမ်းနဲ့ ခင်ဗျားတို့ ရွေးတဲ့လမ်းက သီးသန့် တလမ်းစီဖြစ်နေတယ်။ ကိုယ့်လမ်းမှာ လမ်းပိတ်နေလို့၊ တောင်ပြိုနေလို့ ကယ်ပါဦး ဆိုပြီး ဟိုတခြားဖက်က လမ်းမှာ သွားနေတဲ့လူက ပြန်လာပြီး ကူဖို့ ကယ်ဖို့တော့ ပြောလို့ မရဘူး။ သို့သော် စစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မယ်။ မှားယွင်းနေတာ၊ မတရားတာတွေ ထောက်ပြမယ် ဆိုရင်တော့ ခင်ဗျားတို့ အနိုင်ကျင့်ခံနေရတာ တွေကို ထုတ်ဖော်ပြောဆိုလာမယ် ဆိုရင်၊ ကျနော်တို့က ဥပက္ခာပြုနေမှာ မဟုတ်ဘူး။ မှားတာကို မှားတဲ့အ တိုင်း၊ မှန်တာကို မှန်တဲ့အတိုင်း ကျနော်တို့က ခင်ဗျားတို့နဲ့အတူ ရပ်တည်ပြီး ပြောပေးမှာ ဖြစ်တယ်။ ဒါကို ဆိုလိုတယ်။ ဒါဟာ နိုင်ငံရေးပေါင်းစည်းမှု အင်အားအဖြစ် ရှိနေတယ်ဆိုတယ့် သဘောထားဖြစ်တယ်လို့ ပြောပြလိုက်တယ်။ ရှင်းပြလိုက်တယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေကိုလည်း ရှင်းပြထားပါတယ်။ ကျနော်တို့ဟာ အားလုံးအတွက် နိုင်ငံရေးပေါင်းစည်းမှု အင်အားဖြစ်တယ် ဆိုတာကို ပြောလိုက်တာ ဖြစ်ပါတယ်။ 

ဒါကို ဦးတင်ဦး ပြန်လာတဲ့ အခါကျတော့လည်း ရှင်းပြတယ်။ သူကလည်း ၀မ်းသာအားရ လက်ခံတယ်။ အင်န်အယ်ဒီပါတီအနေနဲ့ကလည်း ဒီလိုမျိုး နိုင်ငံရေးပေါင်းစည်းမှု အင်အားအဖြစ် ရပ်တည်ပြီး ဆက်လက် ဆောင်ရွက်သွားမှာကို မြင်သိလာကြ၊ နားလည်လာကြမယ်လို့ ယုံကြည်ပါတယ်။ ဒါကတော့ အခုလို ရွေး ကောက်ပွဲကာလ နီးလာချိန်မှာရော၊ ရွေးကောက်ပွဲလွန် ကာလမှာပါ အင်န်အယ်ဒီအင်အားတွေအနေနဲ့ ဆက်လက် တည်ရှိနေမယ့် နိုင်ငံရေး ရပ်တည်ချက်နဲ့ သဘောထားဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဲသည်လိုမျိုး နိုင်ငံရေးပေါင်းစည်းမှုအင်အားတွေအဖြစ် ၀ိုင်းဝန်း လက်တွဲပူးပေါင်းပြီး လာကြမယ့် ဒီမိုကရေစီရေးကို ဦးတည်တဲ့ မိသားစုတွေနဲ့ ကျနော်တို့ ဆက်ပြီး ဆောင်ရွက်သွားကြမယ် လို့ ပြောလိုက်ပါတယ်။

မိုးမခဆိုဒ် မှကူးယူဖော်ပြပါသည်။
(အောက်တိုဘာ ၁၆၊ မနက်ခင်း တွေ့ဆုံဆွေးနွေးချက်များ ဖြစ်ပါတယ်)

Saturday, October 16, 2010

ငါးဖမ်းပိုက်စက်ရုံမှ မဲ့ဆောက်သို့ပြန်လာသော အလုပ်သမားများ၏ ပုံရိပ်များ



(Dechapanich) ငါးဖမ်းပိုက်စက်ရုံရှိ အလုပ်သမား ၃၆၉ဦး မဲဆောက်သို့ရောက်ရှိ

ထိုင်းနိုင်ငံမြောက်ပိုင်း ခွန်ကယ်မြို့နယ် ဒေးချားပန်နစ်ခ်ျ (Dechapanich) ငါးဖမ်းပိုက်စက်ရုံရှိ အလုပ်ရှင်နှင့် တင်းမာမှုဖြစ်ပွားခဲ့သည့် အလုပ်သမား ၈၀၀ ကျော်အနက်မှ ၃၆၉ယောက်သည် ယနေနံနက် ၇ နာရီခန့်တွင် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့သို့ပြန်လည်ရောက်ရှိခဲ့ကြောင်းသတင်းရရှိသည်။


အဆိုပါအလုပ်သမားများကို မယ်တော်ဘုန်တော်ကြီးကျောင်းနှင့် မယ်တော်ကမ်းနား လက်ဝှေ့ရုံအနီးတွင် ခေတ္တနေရာချထားပေးပြီးမက် ( ပ် ) ဖောင်ဒေးရှင်းမှလည်းကူညီဆောင်ရွက်ပေးနေကြောင်းသိရပါသည်။

အလုပ်သမားများသည် ထိုင်းမြန်မာနှစ်နိုင်ငံမှ ပြုလုပ်ပေးသော ယာယီနိုင်ငံကူးလက်မှတ်များကိုင်ဆောင် ထားသူများဖြစ်ပြီး လတ်တလောတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်များကို သူဌေးဟောင်းမှပြန်လည် သိမ်း ဆည်းခြင်းခံထားရသူများဖြစ်သည်။

" ကျတော်တို့အခု ၇ ရက်တွင်း အလုပ်ရှင်သစ်ပြန်ရှာရမယ် ၊ တချို့လည်းမြန်မာနိုင်ငံကိုပြန်မယ်လေ " ဟု အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုထွန်းထွန်းလွင်မှ ပြောပြခဲ့သည်။

ခွန်ကယ်မှမဲဆောက်သို့ပြန်လာခဲ့သည်အပေါ် ဖိအားတစ်စုံတရာပေးခံရမှု ရှိ၊မရှိ အခြေအနေနှင့် ပက်သက် ၍လည်း " ဟိုမှာနေရတာ သိပ်မလုံခြုံဘူး၊ နောက်ပြီး မဲဆောက်မှာမြန်မာ့အရေးကူညီဆောင်ရွက်နေတဲ့ အဖွဲ့ တွေပိုများတော့ ပိုပြီးလုံခြုံမှုရှိနိုင်တယ်လို့ သုံးသပ်မိတဲ့အတွက် မိမိတို့ဘာသာ ဆုံးဖြတ်ချက်နဲ့ ပြန်လာခဲ့တာ ပါ " ဟု ၎င်းမှဆက်လက်ပြောကြားခဲ့ပါသည်။

အလုပ်သမားများသည်နေရာနှစ်နေရာခွဲ၍ ယာယီနေထိုင်လျက်ရှိရာသို့ ထိုင်းအာဏာပိုင်များလာရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။

မဲဆောက်သို့ပြန်လာသော အလုပ်သမား ၃၆၉ယောက်အနက် အလုပ်သမား ၂၀၀ကျော်ခန့်ကို ယခင်နေရာ မှ ထိုင်းနိုင်ငံနယ်ခြားစောင့်တပ်အတွင်း၌ ယာယီထိမ်းသိမ်းနေထိုင်ခွင့်ပြုထားကြောင်းသတင်းရရှိပါသည်။

Thursday, October 14, 2010

ချီလီနိုင်ငံ San Joes မိုင်းတွင်းထဲမှာ ၆၉ ရက်ကြာပိတ်မိနေသော မိုင်းလုပ်သားများကိုကယ်ထုတ်နေပုံများ

  ချီလီနိုင်ငံ San Joes မိုင်းတွင်းထဲတွင်ပိတ်မိနေသော မိုင်းလုပ်သား ၃၃ယောက်ကို ယမန်နေ့က အောင်မြင်စွာပြန်လည်ကယ်ထုတ်နိုင်ခဲ့ ဒီမှာသွားကြည့်လိုက်ပါ

Monday, October 11, 2010

မဟာတဘောင်တော်ကြီး

ဝလေးလုံးဆုံ ပြောင်းဖို့ကြုံ
နိမ့်သူမြင့်ဖို့ ဖြစ်လတ္တံ့
ငါးကောင်ဆင်ဖြူ တိုင်းပြည်ဆူ
ရှေ့လူ နောက်တတ် နင်းလတ္တံ့
သီတင်းကျွတ်ရေတတ် တိုင်းပြည်ပျက်
ကောင်းအောင်ညီဖို့ လိုလတ္တံ့။

မြန်မာပြည်ထဲမှာ လွန်ခဲ့တဲ့ ၃ လလောက်ထဲက ထွက်ပေါ်နေတဲ့ တဘောင်ပါ။ မြန်မာပြည်မှာ ရေတွေကြီးလာ တော့ အံ့သြပြီး တဘောင်အတိုင်း ဖြစ်နေပါ လားဟ ဆိုပြီး သိမ်းထားတာလေးပြန်လည်မျှဝေပေး လိုက်ပါ တယ်။ အတိတ်တဘောင်တွေဆိုတာ ရံဖန်ရံခါပေါ်ထွက်တတ် သလို တိုင်းရေးပြည်ရာ အဖြာဖြာအထိ ဆိုးကောင်းတွေကို ကြိုကြိုတင်တင် နိမိတ်ထင်တဲ့သဘောလို့ မြန်မာတွေက ယုံကြည်ယူဆကြပါတယ်။

၁၀ ရက် ၁၀ လ ၂၀၁၀ ဟာ ၀လေးလုံး ဆုံတဲ့ ကာလဖြစ်ပါတယ်တဲ့။ အိမ်နိမ့်စံ ဖြစ်နေရသူတွေ အမြင့်စံ ဖြစ်တော့မယ့် အခါသမယလို့ ဆိုပါတယ်။ ဆင်ဖြူတော်ကလည်း ငါးကောင်တိတိ ဆုံညီသွားပြီမို့ တိုင်းပြည်တကယ်ကောင်းဖို့ ဆင်ပြောင်ငါးစီး အားမာန်တွေ စုစည်းလိုက်သလို ရှေ့မှာ အနိုင်ကျင့် စိုးမိုးထားသူတွေကို နောက်တတ် လူကောင်း လူမှန် တွေက ချေမှုန်းအနိုင်ပြန်ယူတော့မယ်နိမိတ်လို့ အဓိပ္မါလ်ဖွင့်ကြပါတယ်။

သီတင်းကျွတ်ကာလဆိုတာ ခြေခင်းလက်ခင်းသာပြီး ဆန်စပါးထွက်ပေါ်ပြီး ပထ၀ီမြေထုထံက ရွှေစု စပါးနှံတွေ သီးပွင့်ပေးတဲ့အချိန်ပါ။ ဒီအချိန်မျိုးမှာ (မတော်တဆ ဖြစ်တတ်တဲ့ တနေရာရာလောက်မှာ မဟုတ်ပဲ) တတိုင်းပြည်လုံး နေရာအတော်များများမှာ ရေလွှမ်းမိုးတာမျိုးဟာ တိုင်းပြည်ပျက်တဲ့ အတိတ် နိမိတ်လို့ ဆိုထားပါတယ်။ ကောင်းတဲ့ဖက်ကို ပြောင်းချင်တယ်ဆိုရင်တော့ အားလုံးညီညွတ်ဖို့လိုပါလိမ့် မတဲ့ဗျား..။

အရှင်သုမန

Saturday, October 9, 2010

တို့တိုင်းပြည်



ဇော်ဂျီ

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။

အာရုဏ်ဦးမှာရူးသည့်မျောက်

(ဒေါက်တာဂွတို ကျီစယ်သည်)
ကြားဖူးမလားတော့မသိဘူး။ တခါတုန်းကပေါ့ဗျာ..။ အလွန်သာယာပြီး စိမ်းလန်းစိုပြေတဲ့ တောနက်ကြီးရှိခဲ့သတဲ့။ လူသူ မနီးတဲ့ နေရာဆိုတော့ သစ်ပင်တွေပြည်ပခုတ်ရောင်းလို့ သစ်တောပြုန်းတီးတာတွေ၊ တာတမံ ဆည်တွေဆောက်လို့ ပတ်ဝန်း ပျက်ဆီးတာတွေ၊ မတရားလုပ်အားပေးခိုင်းစေတာတွေလည်း မရှိဘူးပေါ့လေ။ အဲဒီတောအုပ်ထဲမှာ အရှေ့ပိုင်းမှာ ဆင်အုပ်ကြီး တအုပ်နေထိုင်သလို အနောက်ပိုင်းမှာတော့ ဆိတ်အုပ်ကြီး တအုပ်နေထိုင်သတဲ့။ ဆင်ဖြူတော် စိတ်ဝင်စားသူတွေက ဆင်တွေ ထဲမှာ ဆင်ဖြူတွေပါသေးလား လို့ တော့မမေးနဲ့ပေါ့ဗျာ။ ပုံပြင်ထဲမှာ အဲဒါထည့်မရေးထားတော့ ကျနော်လည်း မပြောတတ်ဘူး။ အဲ.. ဆိတ်တွေထဲမှာတော့ ဆိတ်ဖြူတွေ ပါတာပေါ့ဗျာ။ ဆိတ်ဖြူတော်ဆိုပြီး တခန်းတနား ဂုဏ်ယူချင်သူတွေ ကိုးကွယ်ချင်သူ တွေရှိလာရင်တော့ ဆိတ်ဖြူတွေလည်း ရှားကုန်မယ်ထင်ပါ့။ ထားပါတော့ဗျာ။ ကျနော်ပြောချင်တာက ဆင်ဖြူတော်တွေ ဆိတ်ဖြူတော်တွေ အကြောင်းမဟုတ်ပါဘူး။ ဆင်တွေ ဆိတ်တွေ ပြသနာဖြစ်ကြတဲ့အကြောင်းပြောချင်တာပါ။ အဖြစ်အပျက်က ဒီလို..။ အဲဒီတောထဲမှာ ဆင်တွေကလည်း ဆင်တွေကျက်စားရာ နေရာမှာနေ၊ ဆိတ်တွေကလည်း ဆိတ်တွေကျက်စားရာ နေ ရာမှာနေပြီး သူ့စည်း ကိုယ့်စည်း နေထိုင်ခဲ့တာ တည်ငြိမ်အေးချမ်းသာယာဖွံဖြိုးခဲ့တယ်ပေါ့ဗျာ။ တနှစ်မှာတော့ ရာသီဥတုက ဖေါက်လွဲဖေါက်ပြန်ဖြစ်ပြီး မိုးခေါင်လို့ ရေတွေခမ်း၊ သစ်ပင်တွေ နွမ်းဖြစ်ကုန်သတဲ့။ အစာရေစာ ရှားပါးတာလည်း ဖြစ်လာတယ် ပေါ့ဗျာ။ ဒီအခါ ဆင်တွေက စဉ်းစားတယ်။ ဆင်စာရှားပါးမှုကို ဖြေရှင်းတဲ့အနေနဲ့ ဆင်တွေဟာ စားနေကျ အစာတွေမစားပဲ ဆိတ်တွေလို တွေ့ကရာ သေးသေးမွှားမွှားလေးတွေကအစ စားမယ်ပေါ့။ဆိတ်တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ တို့ဆိတ်တွေ ဆင်တွေလို အရွက်ကြမ်း အပင်ကြမ်းတွေ စားသောက် ရင်ဖြင့် အိုကေမယ်ပေါ့လေ..။ ဒါနဲ့ ဆင်တွေကလည်း ဆိတ်အစာတွေ စားကုန်တော့သလို ဆိတ်တွေကလည်း ဆင်စာတွေ စားကြတယ်ဆိုပဲဗျ။ စားတဲ့အပိုင်းမှာ ပြသနာက သိပ်မရှိပေမယ့် မစင်စွန့်တဲ့အခါမှာတော့ ပြသနာတွေ တတ်ကုန်ပါရော..။ ဒီလိုလေ.. ဆင်တွေက အကောင်ကြီးသလောက် မစင်လေးတွေက ဆိတ်မစင်လို သေးသေးလေးတွေတဲ့။ ဆင်တွေထက် ဆိုးတာက ဆိတ်တွေပဲ။ ဘယ့်နှယ်ဗျာ သေးသေးလေးတွေ မစင်စွန့်နေကြ ဆိတ်တွေခမျာ ဆင်တွေလောက် မစင်တုန်းကြီးတွေ စွန့်ရတော့.. တွေးသာ ကြည့်ပါတော့ဗျာ။ မတန်မရာတွေ လုပ်ကြ ဖြစ်ကြတာပြောပါတယ်။ တော်တော် ရယ်ရတဲ့ကောင်တွေ။ ကိုယ့်အလုပ် ကိုယ်မလုပ်တော့ ဆိတ်ချေးလောက်ယိုတဲ့ဆင်တွေနဲ့ ဆင်ချေးလောက်ယိုတဲ့ဆိတ်တွေကို ခင်ဗျားတို့တော့ ဘယ်လိုမြင်တယ်မသိဘူး။ ကိုယ့် အလုပ် ကိုယ်မလုပ်ပဲ မတန်မရာတွေ လုပ်နေကြတာမြင်တိုင်း ကျုပ်ကတော့ ဒါကိုပဲ သတိရနေမိတယ်။ တော်တော်ရယ်ရတဲ့ တိရိစ္ဆာန်တွေပဲဗျ။ နော်။ အေးလေ.. တိရိစ္ဆာန်ဆိုတော့လည်း တိရိစ္ဆာန်လိုပဲ ဖြစ်နေတော့တာပေါ့..။ တိရိစ္ဆာန်တွေ တိရိစ္ဆာန်တွေနဲ့ သုံးနှုံးပြောဆိုနေလို့ ဘယ်သူ ဘယ်အဖွဲ့ကို စောင်းပြောနေတာလဲဆိုပြီးတော့လည်း မ တွေးပါနဲ့ဗျာ။ သူများကို ဒီလိုမစော်ကားပါဘူး။ တကယ်ပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်ကိုယ်တိုင်ကလည်း တိရစ္ဆာန်လေ ဗျာ။ အဲ.. ဒါပေမယ့် ကျနော်က ဆင်လည်းမဟုတ်သလို ဆိတ်လည်းမဟုတ်ဘူး.. မျောက်ဗျ။ ကျနော်ကတော့ ဆိတ်တွေ ဆင် တွေလို မတန်မရာတွေမလုပ်ဘူးဗျ။ ကျနော်အလုပ်အကြောင်းမပြောခင် ကျနော့်အကြောင်း ပြောပြမယ်ဗျာ..။ အင်း….။ တိတိကျကျ ပြောရရင် ကျုပ်က မျောက်အဖွဲ့ရဲ့ ခေါင်းဆောင်၊ မျောက်ဥက္ကဌပေါ့ဗျာ။ လူနဲ့အနီးစပ်ဆုံး သတ္တ၀ါလို့ သတ်မှတ်ထားကြသလိုပဲ..။ ကျနော်တို့မှာလည်း လူတွေလို ဒုဥက္ကဌတို့၊ တွင်း ၁ တို့၊ တွင်း ၂ တို့ ရှိသလို တိုင်းမှူးတွေ ၀န်ကြီးတွေလည်း ရှိတယ်။ မျောက်စစ်တပ်တောင်ရှိသေး။ အဲ.. ကျနော်က မျောက်ဥက္ကဌဖြစ်သလို မျေက်တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ကလည်း ကျနော်ပဲပေါ့ ဗျာ။ ကျနော်တို့မှာ အခြေခံဥပဒေလည်းရှိတယ်။ ရွေးကောက်ပွဲတောင်ရှိသေး။ မျောက်အခြေခံဥပဒေကို အတည်ပြုပြဌာန်းပြီး မျောက်ရွေးကောက်ပွဲ ကြီး လူအထင်ကြီးအောင် (အဲ) မျောက်အထင်ကြီးအောင် ကျင်းပ။ နောက်ဆုံးတော့လည်း ကျနော်ပဲ ဥက္ကဌပြန်ဖြစ်ပေါ့ဗျာ..။ ဟေး ဟေး…။ မျောက်အခြေခံဥပဒေတို့၊ မျောက်ရွေးကောက်ပွဲတို့ ၊ မျောက်လွှတ်တော်အမတ်တို့ ဘာတို့ညာတို့အကြောင်းတော့ စကားရှည်မှာစိုးလို့နောက်မှပြောပြမယ်ဗျာ..။ လိုရင်းကို ဆက်ပြောမယ်ဗျာ..။ ကျနော်က မျောက်ခေါင်းဆောင်ကြီး မျောက်တပ်မတော်အကြီးအကဲ မျောက်အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေး ဥက္ကဌ .. ဘာညာ ရာထူးတွေလည်း ကြီးသလောက် တာဝန်တွေကလည်းများသကိုးဗျ။ မျောက်ဝန်ကြီးတွေ လာဘ်စားတာကိုလည်း ဖြေရှင်းရသလို မျောက်စစ်တိုင်းမှူးတွေ ဝေစုမတဲ့တာလည်း ရှင်းပေးရတယ်။ မျောက်မြို့တော်ဝန်တွေ မျောက်မော်ဒယ်မတွေနဲ့ ရှုပ်လို့ ပြသနာ တတ်တာလည်း မသိကျိုးကျွန်ပြုသင့်တာပြုရသလို မျောက်တပ်မတော်သားတွေကိုလည်း မြှောက်သင့်တာ မြှောက် ခြောက်သင့် တာခြောက် ခိုင်းစေရတယ်။ စုံလို့ပေါ့ဗျာ။ ကျနော့်အကြောင်းပြောကြတာတော့ အစုံပေါ့ဗျာ။ မျောက်တပ်ချုပ်ကြီးက မထုံတတ်တေးနဲ့။ အူကြောင်ကြောင်နဲ့။ မျောက်အာဏာရှင်ကြီး။ မျောက်အိုကြီးဖြစ်နေပြီ အနားမယူသေးဘူးလားဆိုတာမျိုးပေါ့။ သူတပါးပြောတာ ခံရတာ တော်ပါးသေး တယ်။ ကျုပ်လက်ထောက် ဟိုမျောက်ငမူးက အဆိုးဆုံး။ ထားပါတော့ဗျာ..။ ဒါတွေပြောရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေမယ်လေ။ အဲ.. ကျနော့်ကို ပြောမရတာဆိုလို့ မိန်းမကိစ္စ.. အဲ .. မျောက်မကိစ္စတခုပဲ ရှိတယ်။ ဒါကလည်း ရှင်းတယ်လေ။ အိမ်က မျောက်အိုမကြီးကလည်း ကျနော်သွားလေရာတကောက်ကောက်။ ကျနော်ဘာလုပ်လုပ် သူပဲ စီမံနေကျ။ ကျနော် ဘာ ပြောပြော သူ့ပဲတိုင်ပင်နေကျ ငယ်နိုင်ဆိုတော့..။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျနော်ကတော့ ကျနော်လုပ်ချင်တာကို အခုထိ လုပ်နေနိုင်တာအမှန်ပဲ။ ကျနော် ကောင်းစားဖို့ ကျနော့်မိန်းမ မျောက်အိုမကြီးကောင်းစားဖို့၊ ကျနော့် မျောက်သားသမီးတွေ ကောင်းစားဖို့ ၊ ကျနော့် မြောက်မြေးလေးတွေ ကောင်းစားဖို့ ကျနော် အခုထိ မျောက်တပ်ချုပ်ကြီးအဖြစ်နဲ့ ရပ်တည်နေနိုင်မြဲပါပဲ။ သြော်.. ကျနော့်အကြောင်းတွေ ပြောနေတာနဲ့ ခင်ဗျားတို့ကို ပြောပြချင်တာလေး မေ့တော့မလို့။ ကျနော်တို့ နေထိုင် ကျက်စားတဲ့ ဥယျာဉ်ကြီးမှာ ဥယျာဉ်မှူးကြီးနဲ့ ဟိုနေ့က တွေ့တယ်ဗျ။ သူကတော့ ခင်ဗျားတို့လို လူသားပေါ့ဗျာ။ သူက နက္ခတ် ပွဲသဘင် သွားကြည့်မလို့ဆိုလား။ စတိတ်ရှိုးဆိုလား။ မော်ဒယ်ရှိုးဆိုလား သွားချင်လို့တဲ့။ သူကြိုက်တဲ့ နိုင်ငံခြားသွားတာ ဆန္ဒပြ ခံရလို့ နာမည်ကြီးသွားတဲ့ ကောင်မလေးလည်းပါမယ်ဆိုလား ပြောသေးသဗျာ။ အံမယ် ဘာတဲ့ စန္ဒီမျောက်လွင်ဆိုလား ကောင်မ လေးကလည်း စကတ်တိုတိုလေး အင်္ကျ`်လည်ဟိုက်လေးနဲ့ ကမှာဆိုပဲ။ ပြောနေတာတော့ မြိန်ရည်ရှက်ရေဗျ။ ကျနော်တောင် စိတ်ဝင်စားတယ်။ ထုံးစံအတိုင်း လူတွေလုပ်တဲ့ ဘာဘာညာညာရံပုံငွေပွဲ ပေါ့ဗျာ။ သူက အဲဒီပွဲကို သွားချင်သတဲ့။ အဲဒီပွဲမှာ မီဒီယာသမားတွေ သတင်းထောက်တွေကလည်း အများကြီးလာမှာဆိုပဲ။ ဒါ ကတော့ မဆန်းပါဘူးဗျာနော့။ အခုခေတ်မှာ ကင်မရာလေးတကိုင်ကိုင်၊ အသံဖမ်းစက်လေးတကြွကြွနဲ့ မီဒီယာသမားတွေက လည်း ရိုက်သတ်လို့တောင် ကုန်မယ်မထင်ဘူး။ (အဲ.. ကျနော်တို့ မျောက်ပြည်မှာတော့ ဒါမျိုးဘယ်ရမလဲ။ နိုင်ငံခြားသားတောင် ကင်မရာလေးကိုင်ပြီး ကားကနဲ ကြွသွားတာ.. ဟား ဟား) စိတ်တော့မရှိနဲ့ဗျ။ ကျနော်က စကားပြောရင် ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ မျောက်စိတ်အတိုင်းပဲ။ အင်းလေ.. မျောက်ပါဆိုမှ.. မျောက်စိတ်ပေါ့နော်။ ပြောနေရင်းကကို စကားက ဘေးချော်ချော်သွားပြန်ပြီ။ အဲ.. ခုန စကားပြန်ဆက်ရရင် ဥယျာဉ်မှူးက ပွဲသွားချင်တယ်။ ဥယျာဉ်ကြီးကို ထိန်းသိန်းပြုပြင် ရေလောင်းဖို့ကလည်း နိစ္စဓူဝ တာဝန် ဖြစ်လေတော့ သူ့ခမျာ လက်မှိုင်ချနေတာပေါ့ဗျာ။ ဒီတော့ ကျနော်က ဘယ်နေမလဲ။ သိတယ်မဟုတ်လား။ ကျနော်တို့ မျောက်တပ်မတော်က တာဝန်ယူ မယ်ဗျာလို့ ပြောလိုက်တယ်။ သူလည်း ၀မ်းသာသွားတာပေါ့။ ယုံယုံကြည်ကြည်နဲ့ကို လွှဲအပ်ခဲ့ပါလေရော..။ (မျောက်တပ်မတော် ရဲ့ စေတနာမှန်ကို သူတယောက်ပဲ သဘောပေါက်သေးတယ်။) ဒါနဲ့ပဲ ဥယျာဉ်တော်ရဲ့ တာဝန်အရပ်ရပ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ ကျနော်တို့ မျောက်တပ်မတော်က ယာယီ တာဝန်ယူလိုက်တယ်ပေါ့ဗျာ။ (အချိန်တန်ရင်တော့ ကျနော်တို့က မျောက်တန်းလျားပြန်မှာပါ။ ခင်ဗျားတို့လူတွေလို ပြောပြီး ကတိမတည်တာတော့ မဟုတ်ပါဘူး) အင်း.. ဒီလိုနဲ့ ကျနော်တို့ ဥယျာဉ်တော်ကြီး အေးချမ်းသာယာပြီး ခေတ်မှီတိုးတက်တဲ့ ဥယျာဉ်တော်ကြီးဖြစ် အောင်၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ယူ စောင့်ရှောက်လျက်ရှိနေပါတယ်။ အခုလို ဖွံ့ဖြိုးတိုးတက် အေးချမ်းသာယာ လှပပြီး ခေတ်မှီ ဥယျာဉ်တော်ကြီး ဖြစ်အောင် ကျနော်တို့ စီမံဆောင်ရွက်ခဲ့ပုံတွေကို ပြချင်ပါတယ်။ လိုက်ပြီးလေ့လာပေါ့ဗျာ။ ကျနော် တို့ မျောက်တပ်မတော်သားတွေကို အသုံးချပြီး ကြိုးပမ်းနေတာတွေကို လေ့လာပါ။ လာပါဗျာ.. ခင်ဗျားက မျောက်ရင်းတွေ (အဲ) လူ ရင်းတွေပဲ..။ ဟောဟိုမှာတွေ့လား။ လမ်းတွေဖေါက်တယ်ဗျာ။ တံတားတွေဆောက်တယ်ဗျာ။ အဲ..အပင်တွေ ရေလောင်းနေတာ တွေ့တယ်မဟုတ်လား။ ဘယ်လောက်ခေတ်မှီ အဆင့်မြင့်ပြီး ပညာဥာဏ် အမျှော်အမြင်ရှိသလဲဗျာ။ သစ်ပင်တွေကို အားကုန် စိုက်ပြီး နှုတ်တဲ့သူက နှုတ်၊ တူးဆွတဲ့သူက တူးဆွ၊ ပြန်စိုက်တဲ့သူက ပြန်စိုက်၊ ရေလောင်းတဲ့သူက ရေလောင်း။ ဘာလုပ်နေတာလဲ မသိဘူးလား။ အာ.. ခင်ဗျား တော်တော်ပိန်းတာပဲ.. အေးလေ.. ကျနော်တို့ မျောက်တပ်မတော် အာဏာပိုင် အကြီးအကဲတွေလို တော်တဲ့တတ်တဲ့သူမှ မရှိတာကိုး။ ခင်ဗျားကို သေချာရှင်းပြမယ်ဗျာ.. ဒါက ဒီလိုရှိတယ်ဗျ။ သစ်ပင်ဆိုတာ အမျိုးမျိုးလေ။ ဘယ်အပင်က ရေများများလောင်းရမယ်။ ဘယ်အပင်က ရေနည်း နည်းပဲ လောင်းရမယ်ဆိုတာ ဒီအတိုင်း ကြည့်ရုံနဲ့ ဘယ်သိနိုင်မလဲ။ ရမ်းသမ်းပြီး လောင်းလို့လည်း မဖြစ်ဘူးလေ။ ကျနော်တို့က တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်နဲ့ လက်တွေ့ အကောင်အထည်ဖေါ်နေတာလေ။ ဒီတော့.. အပင်တွေ ရေဘယ်လိုလောင်းရမလဲလို့ ကျနော် ကောင်တွေက မေးတယ်။ ဒီတော့ ကျနော်က လိုအပ်တာတွေကို ခေါင်းဆောင်ကောင်းပီပီ အမျော်အမြင်ရှိရှိ ကြည့်ရှု ညွှန်ကြား လိုက်တယ်ဗျာ။ အပင်တွေကို တူးကြည့်၊ နှုတ်ကြည့်။ အမြစ်တိုရင် ရေနည်းနည်းလောင်း။ အမြစ်ရှည်ရင် ရေများများလောင်းလို့။ ကဲ… ကျနော် ဘယ်လောက်တော်သလဲ..။ နော်။ ကျနော်တို့ မျောက်တပ်မတော် ခေါင်းဆောင်တွေက အစစ သိတတ် ကျွမ်းကျင် လိမ်မာတာကို ခင်ဗျားမြင်ပြီမဟုတ်လား။ ကဲ… အနာဂတ် ဥယျာဉ်တော်ကြီး သာယာလှပဖို့ ကျနော်တို့ ကြိုးပမ်းမှု အသီးအပွင့်တွေကို စောင့်ကြည့် ပေတော့ဗျို့..။ (ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ၅၅၀ ဇာတ်တော်တွေထဲက အာရာမဒူသကဇာတ်ကို မှီးပါတယ်) 
ဒေါက်တာဂွတို ၈.၁၀.၂၀၁၀

Monday, October 4, 2010

စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ကြစို့

Anti-Dictatorship by Free Burma Federation

တွေးမိတာလေး ရေးကြည့်မယ် ( ၃ )

ကျွိကနဲ ကားကို ထိုးရပ်လိုက်တယ်ဆိုရင်ပဲ ရဲ သုံး လေးယောက် ကားဘေးကို ရောက်လာတယ်။ ခရီးသည် အားလုံး လက်ကိုင်အိတ် ပိုက်ဆံအိတ်တွေထဲက တချို့ လည်း စာရွက်၊ တချို့လည်း ပိုက်ဆံလေး တွေ ထုတ်လိုက်ကြတယ်။


“လက်မှတ်ပါလား.. လက်မှတ်..” လို့ပြောလည်းပြော စစ်လည်းစစ်၊ ခရီးသည်တွေအားလုံးကို ဝေ့၀ဲ ကြည့်ရင်း ဆိုလိုက်တာက ရဲတွေပါ။ ပါတဲ့သူက ထုတ်ပြသလို မပါတဲ့သူကလည်း မျက်နှာခပ်ငယ်ငယ်ပေါ့။ ဒါ ပေမယ့် သိပ်ပူစရာတော့ မရှိပါဘူး..။

“လက်မှတ်မရှိ.. တရာ..တရာ”

လက်မှတ်မပါတဲ့ ခရီးသည် ၃ ယောက်လောက် ငွေ ၁၀၀ စီထုတ်ပေးလိုက်သလို မကျန်းမာတဲ့ ခပ်နွမ်း နွမ်း ကလေးအမေတယောက်ကတော့..

“ကျမ ကျောင်းသားဆေးခန်းသွားမလို့ ပါ။ နေမကောင်းလို့ ။ ၅၀ ပဲရှိလို့ ပါနော်” လို့ တောင်းပန်းရင် လက်ထဲက ငါးဆယ်တန်တရွက်ကို ခပ်ရို့ ရို့ ထိုးပေးလိုက်တယ်။ ရဲက တချက်လှမ်းကြည့်ပြီး ငွေ ၅၀ နဲ့  ကျေနပ်လိုက်တယ်။ အပေးအယူ အပြီးမှာတော့ ကားလည်း ချောချောမောမော ထွက်လာခဲ့တယ်။

ဒီမြင်ကွင်းက နိစ္စဓူဝ မြင်တွေ့နေရတဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်က မြင်ကွင်းပေါ့။ ထိုင်းရဲတွေက တခြားမြန်မာစကားကိုသာ မတတ်ရင်ရှိမယ်။ ၁၀၀ ပေး၊ ၁၀၀ ပေး ဆိုတာကတော့ ရေလဲသုံးနေတဲ့ စကားပေါ့။ မြန်မာနယ်စပ်ဆိုတော့လည်း အပေးအယူကိစ္စတွေကလည်း အသားကျနေပြီးသား.. မြန်မာဆန်ပြီးသားပါ။

(ထိုင်းရဲနဲ့ မြန်မာတို့ရဲ့ တထောင့်တည အဖြစ်အပျက်တွေကို အားပါးတရ ရေးချင်ပါသေးတယ်။ ရယ်စရာ မောစရာတွေလည်းပါသလို ရင်နာစရာတွေ၊ ရင်မောစရာတွေ၊ ရင်ခုန်စရာတွေ၊ ရင်တုန်စရာတွေ ရင်နင့်စရာတွေ၊ ရင်ထိတ်စရာတွေ.. စုံလို့ ပါပဲ။ အဲ.. ခုတော့ရေးရဲသေးဘူးဗျ။ ဟီး)

မဲဆောက်မြို့လေးကနေ မြန်မာနယ်စပ်ကမ်းနားအရောက် လိုင်းကားနဲ့ဆို ၁၅ ဘတ်။ အသွားအပြန်ဆို ဘတ် ၃၀။ မြန်မာကမ်းအထိ ကူးမယ်ဆို စက်လှေနဲ့ဖြစ်ဖြစ် ဘောလေးပေါ် မရဲတရဲ လိုက်ပါလို့ ပဲဖြစ်ဖြစ် ကူးသွားရင် မြန်မာနဲ့ထိုင်း အသွားအပြန်မှ ၂ ဒေါ်လာလောက်ပဲ ကုန်ပါတယ်။ ဟိုဖက်ကမ်းမှာ လက်ဖက်ရည် လေးသောက်၊ မြန်မာဂျာနယ်လေးတစောင်လောက်ဝယ်ဖက်ရင်တောင် စုစုပေါင်းမှ ၃ ဒေါ်လာလောက်ပေါ့။ (ထောက်လှမ်းရေးတို့ ရဲတို့ ဘာတို့ ညာတို့ နဲ့တွေ့လို့ ဘာဘာညာညာဖြစ်ရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပေါ့ လေ)

သဘောအဖြစ်ပြောတာပါ။ ကိုယ့်လို ကိုယ့်နိုင်ငံကိုယ် ပြန်ခွင့်မသာသေးတဲ့သူများကတော့ ကမ်းနားမှာ ဟိုဖက်ကမ်းကို (အာသာပြေလေး) လှမ်းချောင်းရင်း အလွမ်းသယ်ရတာပေါ့ဗျာ။ ဟိုဖက်ကမ်းဆိုပေမယ့် သိပ် အဝေးကြီးတော့မဟုတ်ပါဘူး။ တဖက်နဲ့တဖက် လှမ်းအော်ပြီး စကားပြောနေကြတာသာကြည့်။ တယ်လီဖုန်း မလို အင်တာနက်မလို ဆက်သွယ်ရေး စာတိုက်မလိုပဲ ဟိုဖက်နိုင်ငံ ဒီဖက်နိုင်ငံ တိုက်ရိုက် ဆက်သွယ်စကား ပြောဆို နေတာများ အားကျစရာ။ နိုင်ငံခြားနဲ့ စကားပြောနေတာ ပြည်တွင်းပြောနဲ့မခြား သိပ်အဆင်ပြေတာ ကလား။

တနေရာမှာတော့ ရေလယ်ကျွန်းလို့ခေါ်တဲ့ သောင်တွေထွန်းနေတဲ့နေရာမှာ တဲအို တဲပျက်ကလေးတွေ နဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လှမ်းမြင်နိုင်ပါတယ်။ အဲဒီရေလယ်ကျွန်းက နာမည်တော့အကြီးသား။ ရာဘ လို့ခေါ်တဲ့ စိတ်ကြွဆေးတွေလည်း လက်လီဖြန့်ဖြူးတာရှိဆိုပဲ။ ဒါကြောင့် မြန်မာကမ်းဖက်က အာဏာပိုင်တချို့ အဲဒီကျွန်းကိုလာဝိုင်းတာ၊ တဲကလေးတွေကို မီးရှို့တာလည်း စီမံကိန်းတရပ်ကို အကောင်အထည်ဖေါ်တဲ့အနေ နဲ့ တချို့လည်း မြင်တွေ့ရဆိုပဲ။

ကမ်းနားရောက်တဲ့အခါ မြန်မာပြည်က ငါးခြောက်တွေ၊ ပုဇွန်ခြောက်၊ ဂဏာန်းအရှင်တွေအပြင် မြန်မာ စီးကရက်တွေ၊ အရက်ယမကာတွေ စသဖြင့်လည်း ပျံကျဈေးသည်တချို့ လာရောင်းနေတာတွေ့လို့  မြန်မာ ငါးရံ့ခြောက်၊ ပုဇွန်ခြောက်၊ နေကြာစေ့တွေကို မိတ်ဆွေအပေါင်းအသင်းတွေကို လက်ဆောင်ပေးဖို့ ၀ယ်ခဲ့ပါတယ်။


အထုပ်က နည်းနည်းကြီးပြီး ကားစီးရမယ့်နေရာကလည်း နည်းနည်းဝေး၊ နေကလည်းပူဆိုတော့ “အကို… ကားဂိတ်ကို ကျနော်လိုက်ပို့ပါရစေ” ဆိုတဲ့ ကောင်လေးတယောက်စကားကို လက်ခံလိုက်မိတယ်။ သူလည်း မုန့်ဖိုးရ.. ကိုယ်လည်း စပ်စုလို့ရ မဆိုးပါဘူးလေဆိုပြီး။

သူတထုပ် ကိုယ်တထုပ် အထုပ်ကိုယ်စီနဲ့ နေပူထဲ လမ်းလျှောက်လာရင်း သတိပြုမိတာက ကောင် လေးဟာ အသက် ဆယ်နှစ်လောက်ပဲရှိမယ်။ ဒီနေ့ စနေ တနင်္ဂနွေလည်းမဟုတ်ဆိုတော့ ကျောင်းမနေဘူး လားလို့ စပ်စုမိတယ်။

“မနေတော့ပါဘူးအကိုရာ.. အခုလို အလုပ်လုပ်ပြီး အိမ်ကိုပေးတာတောင် မလောက်ရတဲ့အထဲ..”

“မင်းအသက်ငယ်ငယ်ပဲရှိသေးတာ ကျောင်းနေရမယ့်အရွယ်ပဲကွ။ ကျောင်းမနေချင်ဘူးလား”

“အင်း--နေတော့နေချင်ပါတယ်။ ဒါပေမယ့် ကျောင်းတတ်လည်း ဘာထူးလဲအကိုရာ..“

“အမ်.. ထူးတာပေါ့ကွ.. ကျောင်းတတ်မှ ပညာတတ်မှာ.. ပညာတတ်တော့ မိဘကိုလည်း လုပ်ကျွေးနိုင်……”

“အာ..ကျောင်းမတတ်မှ လုပ်ကျွေးနိုင်တာ အကိုရ.. အခုဆို တနေ့ ၄၀-၅၀ ကအနည်းဆုံးပဲ“

“အာ.. မဟုတ်သေးဘူးလေ.. ပညာတတ်တော့ ပိုက်ဆံများများရှာနိုင်တာပေါ့..“ (ပြောသာပြောရ တယ်။ ကိုယ့်စကားကိုယ် အားသိပ်မရှိတာတော့အမှန်)

“ကျောင်းတတ်ရင် ပိုက်ဆံကုန်တယ်အကိုရ”

“အာ..မကုန်အောင် ငါပြောပေးမယ်။ ဒီနားက ကျောင်းတွေက ဆရာတွေက ငါ့သူငယ်ချင်းတွေချည်းပဲ။ မင်းအလကားတတ်ရမယ်.. တတ်မယ်မဟုတ်လား…”

“……………………………………….”

“မင်းကျောင်းတတ်မယ်ဆို လွယ်အိတ်လည်း ၀ယ်ပေးမယ်။ ဖိနပ်ရော.. စာအုပ်ရော.. အကုန် အလကားကွာ..”

“စာအုပ်.. အင်း.. အရင်က ကျနော်ကျောင်းတတ်တယ်အကိုရ.. ကျောင်းစာအုပ်တွေကို ဆန်ဝယ်ဖို့ မရှိလို့ အမေရောင်းစားလိုက်တယ်ဗျ“

“ဟာ………………………….”

“အဲဒါ ဆရာမဆူမှာစိုးလို့ ကျောင်းမသွားရဲတော့တာ”

ကျနော် ဘာဆက်ပြောရမယ်မသိတော့ဘူး။ ဒါနဲ့ ကားဂိတ်ရောက်လာလို့ ကောင်လေးကို မုန့်ဖိုးပေး ပြီး မဲဆောက်မြို့ထဲ ပြန်ခဲ့တယ်။ လမ်းတလျှောက် ကျနော်တွေးနေမိတာက..

ကလေးတွေဟာ ပညာရေးထက် စီးပွားရေးအတွက်ရုန်းကန်နေရတာ ဖြစ်သင့်သလား။

ပညာရေးအပေါ် ကလေးတွေ အလေးအနက်မထားတော့တာ တိုင်းပြည်နောင်ရေး ဘယ်လိုဖြစ်မလဲ။

ပညာရေးထက် ၀မ်းရေးခက်နေကြပြီလား

မိဘတွေကရော.. သားသမီးကျောင်းစာအုပ်ရောင်းပြီး ဆန်ပြသနာကို ဖြေရှင်းလိုက်ရတာ ကောင်းပါသလား။

မိဘတွေစိတ်ထဲ မချိတင်ကဲဖြစ်နေကြမှာ ကိုယ်ချင်းစာမိပေမယ့် မိဘတွေကိုယ်တိုင်က ကလေးတွေကို ပညာတော့ တတ်အောင် သင်ပေးသင့်တယ်ဆိုတဲ့ အတွေးတွေ လျော့ပါးကုန်ပြီလား။

ဒီကလေးတွေ ကြီးလာရင် စောစောကတွေ့ခဲ့တဲ့ ရေလယ်ကျွန်းက မူးယစ်ဖြန့်ဖြူးတဲ့သူ မဖြစ်လာပါဘူး လို့ အာမခံနိုင်မလား။ လား.. လား … လား…။

အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေတို့ …. နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်မှာတို့.. ကလေးအခွင့် အရေးတို့.. ဒီနေ့လူငယ် နောင်ဝယ်လူကြီးတို့.. စတဲ့အဆိုအမိန့်တွေ ဆောင်ပုဒ်တွေကို သတိရနေမိတယ်။

စိတ်မော လူမော ဖြစ်နေတဲ့ အတွေးတွေကာ အာရုံပြောင်းချင်တာမို့ ဖုန်းနားကြပ်လေးတပ်ပြီး သီချင်း ဖွင့်လိုက်မိတော့ ဦးသုမောင် သီချင်းသံထွက်လာတယ်။ မြို့မငြိမ်းရေးတဲ့ လူချွန်လူကောင်းသီချင်း..။

“ကလေးလေးတွေ.. ပညာရရှိဖို့တော့..ဖအမိပုံသွင် အာစရိတွေပင်…… လူချွန်လူကောင်းလေးတွေ ဖြစ်အောင် …. မြေတောင်မြှောက်ကာမြှင့်တင်…..”

သူရိန်ထက်

၎.၃.၂၀၁၀

Friday, October 1, 2010

ရဟန်းသံဃာတော်များအား ပြစ်ဒဏ်ချမှတ်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်ကြေငြာချက်

Sasana Moli _ India and Thai Statement

၁.၁၀.၂၀၁၀ရက်နေ့သတင်း

ပဉ္စမ အကြိမ်စစ် အာဏာသိမ်းမှုကို ဆန့်ကျင်ကြစို့  ဒီမှာသွားဖတ်လိုက်ပါ
နအဖရဲ့ အတွင်းသဘောဒီမှာသွားဖတ်လိုက်ပါ
ပုဂ္ဂလိကကဏ္ဍမှ ကျန်းမာရေးဆိုင်ရာ ဆေးရုံဆေးခန်းများ အနေဖြင့် ကျွမ်းကျင် ပညာရှင်များ၊ဆရာဝန်များ ရရှိရန် အချိန်နှင့်ငွေကြေး စိုက်ထုတ်ပြီး လေ့ကျင့်ပျိုးထောင် ပေးခြင်းထက် အစိုးရအမှုထမ်း ဆရာဝန်ကြီး တို့ကိုသာ မှီခိုအားထားနေမှု လျှော့ချသင့် ဒီမှာသွားဖတ်လိုက်ပါ
ဦးအောင်သိန်းလင်း နှင့်တွေ့ဆုံစဉ်က ဒီမှာသွားဖတ်လိုက်ပါ

ဗြိတိန် ညီလာခံမှာ မဝေနှင်းပွင့်သုန်၏ပြောကြားချက်


ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။ သူက ကျန်းမာရေး တော်တော်မကောင်း ဖြစ်နေပါတယ်။ သူ့မှာ နှလုံးရောဂါရှိပါတယ်။ ဒါပေမဲ့ သူဆက်လက် အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့ ဆေးဝါးကုသခွင့်ကို ငြင်းပယ်ခြင်းခံနေရပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အဖေဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ များစွာသော အကျဉ်းသားတွေဟာ နှိပ်စက်ညှင်းပမ်းခြင်းကို ခံနေရပါတယ်။ သူတို့ဟာ ဆိုရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သမရိုးကျ ဆေးဝါးကုသခွင့်ကိုလည်း မရကြပါဘူး။


ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသားဦးရေဟာ နှစ်ဆနီးပါး တိုးလာပါတယ်။ ဗိုလ်ချုပ်တွေဟာ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နေပါတယ်လို့ ကမ္ဘာကိုပြောနေပါတယ်။ နိုဝင်ဘာမှာ သူတို့က ရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက မြန်မာပြည်ကို စစ်မှန်တဲ့ ပြောင်းလဲမှုကို ဆောင်ကျဉ်းပေးမည့် ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီရွေးကောက်ပွဲဟာ စစ်အာရှင်စနစ် ဆက်လက်အာဏာ ချုပ်ကိုင်ထားဖို့အတွက် ပုံဖေါ်ထားတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ စစ်သားတချို့ စစ်ယူနီဖေါင်းက နေ အရပ်ဝတ်လဲလိုက်တဲ့ အပြောင်းအလဲသာ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ဘာမှမကွာခြားသွားတဲ့ အာဏာရှင်တမျိုးတည်းကို အရပ်ဝတ်နဲ့ ပုံစံပြောင်းပြီး ထပ်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ခံစားနေရတဲ့ ဝေဒနာတွေက ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ ပြောပြချင်တာက ကျွန်မတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်လက်ပြီး အကျဉ်းကျနေပါတယ်။ သူမရဲ့ ပါတီဟာ ဖျက်သိမ်းခြင်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ဘယ်သူပဲ ဘာပဲပြောပြော အကျဉ်းချခြင်း ခံရပါတယ်။ ဟာသ လုပ်တာတောင်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတယ်။ မီဒီယာ ဆင်ဆာကလည်း များသထက်များလာနေပါတယ်။ မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသားလူအနည်းစု ဧရိယာတွေမှာ အရပ်သားတွေကို ၀င်ရောက်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေမီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေးငယ်ငယ်လေးတွေပါမကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို Burma CampaignUK က လက်ခံရရှိထားတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၁၅ တာကာလအတွင်း ကျေးရွာပေါင်း ၃၅၀၀ ကို ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင်တွေက ကျွန်မတို့နိုင်ငံအတွက် ဒီမိုကရေစီ ဖေါ်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ အာဏာကို သူ့အလိုလို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်တဲ့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ သင်တို့အနေနဲ့ ဒီထက်ပိုမို အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက်ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် EU က စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ဖြတ်တောက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းပေးမှု ဖြတ်တောက်ရန် တို့အတွက် ဖိအားပေးလုပ်ဆောင်ပေးပါ။ ကျွန်မအနေနဲ့ လေဘာအစိုးရ ၀န်ကြီးချုပ်ဟောင်း Mr Gordon Brown, နှင့် နိုင်ငံခြားရေး ၀န်ကြီးဟောင်း Mr David Miliband တို့ကို ကျွန်မတို့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် လုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှဲစွာ ထောက်ခံအားပေးမှုအတွက် အထူးကို ကျေးဇူးတင်ကြောင်း ကျွန်မ ပြောကြားပါတယ်(လက်ခုပ်သံများ) ။ ဒီအတွက် ကျွန်မတို့ တကယ်ပဲ ၀မ်းမြောက်ရပါတယ်။

ဒါပေမဲ့ ကမ္ဘာကုလသမဂ္ဂကိုတော့ ကျွန်မအနေနဲ့ အခုပြောတဲ့အတိုင်း မပြောနိုင်ပါဘူး။ ကျွန်မတို့မှာ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း message တွမကြာခဏ လက်ခံရရှိပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ဂတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဂတိမတည်ဘူး။ UN ကလည်း အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရအောင်လို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ သေကြရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရမည့် အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်နေဖို့ လိုသေးလဲ။ နောက်ထပ် ရွာတွေထပ်ပြီး မီးရှို့ခံရမည့်အရေးကို ဘာကြောင့် ကျွန်မတို့ စောင့်ကြည့်ဖို့လိုသေးလဲ။ မျိုးဆက်တခုပြီးတခု ကလေးတွေဟာ ငတ်မွတ်ခေါင်းပါးကာ ကြောက်လန့်တကြားနဲ့ ကြီးပြင်းလာခဲ့ရတယ်။ သူတို့ရဲ့ ကလေးတွေကို ဆုံးရှုံးခဲ့ရတယ်။ UN နဲ့ တခြားတိုင်းပြည်ရဲ့ အစိုးရတွေဟာ ဒါကို လစ်လျူရှုကာ ဘာမှမလုပ်ပေးနိုင်ဘဲ နေမြဲတိုင်း နေနိုင်တယ်။ ဒီလို အဖြစ်ဆိုးတွေကို ဆက်လက်ပြီး လက်ခံနေလို့ မဖြစ်ဘူး။

မှန်ကန်တဲ့ ဖိအားမျိုးကို ပေးနိုင်ခြင်း မရှိခဲ့တဲ့အတွက် မြန်မာပြည်က ဗိုလ်ချုပ်တွေဟာ ဖိအားဆိုတာကို လုံးဝဂရုမစိုက်ဘူး။ နိုင်ငံတကာ ဖိအားဆိုတာ တကယ်ပဲ မရှိမဖြစ် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ အသုံးပြုလို့ ရသမျှ ဖိအားမှန်သမျှကို ကျွန်မတို့ အသုံးပြုဖို့ လိုပါတယ်။ ဗိုလ်ချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး ဖြစ်လာအောင် ဖိအားပေးဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ပိုမိုပြင်းထန်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေးအတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ်ဆောင်ရွက်ရေးအောက်မှာ ကျွန်မတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်ကသွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။

ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျွန်မအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအ၀င် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက်ကင်းမဲ့သလောက်နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိနေတယ်။ ကျွန်မတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီအတွက် သင်တို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ သင်တို့ဟာ တောင်အာဖရိကကို အကူအညီပေးဖို့အတွက် ရောက်ခဲ့ပါတယ်။ ထို့အတူ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှုအတွက်လည်း အကူအညီပေးကြပါ။ ကျေးဇူးတင်ပါတယ်။