Monday, August 30, 2010

မြန်မာနိုင်ငံမှ အသက် ၁၁၈နှစ်ရှိ ဒေါ်မြကြည် ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသမီး ဖြစ်လာဖွယ်ရှိ


မန္တလေးတိုင်း၊ အမရပူရမြို့နယ် ဆင်ဘိုးကျေးရွာအုပ်စု ပေါက်ချိုင်ကုန်း ကျေးရွာနေ အသက်ကြီးဆုံး ဘွားသက်ရှည်ဒေါ်မြကြည်သည် ယခုအခါ အသက် (၁၁၈)နှစ်အရွယ် ရှိပြီဖြစ်သည်။ ဂင်းနက်စ်မှတ်တမ်း၏စာရင်းအရ သက်ရှိ ထင်ရှားရှိသော ပြင်သစ်နိုင်ငံမှကမ္ဘာ့အသက် ကြီးဆုံး Eugenie Blanchard ထက် မြန်မာ နိုင်ငံမှ ဘွားသက်ရှည် ဒေါ်မြကြည်သည် လေးနှစ် ခန့်ပိုကြီးသဖြင့် ယခုအခါ ဂင်းနက်စ် မှတ်တမ်း၏ သက်ရှိထင်ရှား ရှိသော ကမ္ဘာ့ အသက်ကြီးဆုံးအမျိုးသမီးအဖြစ် သတ်မှတ် ခြင်း ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။
    
ဘွားသက်ရှည် ဒေါ်မြကြည်သည် ယခုအခါ ပေါက်ချိုင်ကုန်း ရွာဦးကျောင်း သာသနာ့ရက္ခိတ ကျောင်း ဆရာတော်ဦးသြ ဘာသက စောင့်ရှောက်ထားပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
   
 ''ဒီဒကာမကြီးဒေါ်မြကြည်က ဘုန်း ကြီးဆီကိုရောက်လာတာ နှစ် (၂၀)ကျော် လောက်တော့ရှိပြီဖြစ်ပါတယ်။ ဘုန်းကြီးလဲ မြိုင်မြို့နယ်ကနေ ဒီပေါက်ချိုင်ကုန်းရွာကို ရောက်မှ ကျောင်းထိုင်ဖြစ်ပါတယ်။ ဘုန်း ကြီးနဲ့ ဒီဒကာ မကြီးက ပဋ္ဌာန်းဆက်ပါတယ် လို့ ပြောရမလား၊ သူ ဘုန်းကြီးကျောင်းမှာပဲ နေပြီး တရားဘာ ၀နာလိုက် စား တာ၊ ဥပုသ် သီလစောင့်ထိန်းတာ ဒီ့ထက်အသက်ပိုရှည် ဦးမယ်လို့တောင် ဆရာတော်ပြောခဲ့ဖူးတယ်'' ဟု ဆရာတော်ဦးသြဘာသက မိန့်သည်။
    
ဘွားသက်ရှည် ဒေါ်မြကြည်သည် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု ဇုန်အနီးရှိ ထိန်ကုန်းရွာတွင် အဘ ဦးကာ၊ အမိဒေါ်ဖွားအုံတို့မှ ၁၂၅၄ ခုနှစ် သီတင်း ကျွတ်လဆန်း ၁ ရက်နေ့(၁၈၉၂ခုနှစ်)တွင် မွေးဖွားခဲ့ကြောင်း သိရသည်။
''ကမ္ဘာ့အသက်ကြီးဆုံးလို့ သတ် မှတ်ခံရမယ်ဆိုရင်တော့ မြန်မာလူမျိုး ဗုဒ္ဓ ဘာသာဝင်တစ်ယောက်အနေနဲ့ များစွာ ဂုဏ်ယူဖွယ်ဖြစ်ပြီး များစွာပီတိဖြစ်ရပါတယ်။ အဘွားလိုအသက်ရှည်ချင်ရင်တော့ ဘုရား၊ တရား အလုပ်ကိုများများလုပ်ပါ။ ဥပုသ်သီလ စောင့်ထိန်းပါ။ အသားမစားဘဲ တောစာ တောင်စာပဲ စားပါ။ အရဟံ အစရှိသော ပုတီးကိုလဲများများစိပ်ပေးပါ''ဟု ဘွားသက် ရှည် ဒေါ်မြကြည်ကပြောသည်။
     အဘွားသည် ပထမဦးဆုံး အသက်(၂၀)လောက်တွင် ကိုအောင်ဝနှင့် အိမ်ထောင်ကျခဲ့ပြီး ကိုအောင်ဝ သေပြီး နောက် ကိုနီနဲ့ထပ်ပြီး အိမ်ထောင်ကျကာ သမီးသုံးဦးထွန်းကားခဲ့သည်။ သမီးသုံးဦးမှာ မညိုတင်၊ အလတ်က မကုလားမ၊ အငယ် က မသင်းမာတို့ဖြစ်ပြီး မကုလားမမှာ ဆုံး သွားပြီး နှစ်ယောက်သာကျန် တော့ကြောင်း သိရသည်။
     ''အဘွား ဒီကလေးတွေ ငယ် ငယ်ကဆိုရင် ကောက်စိုက်လယ်ယာလုပ် ငန်းလုပ်ခဲ့တယ်။ အင်္ဂလိပ်ခေတ်၊ ဂျပန် ခေတ်၊ အခုခေတ် အစိုးရလက်ထက်အထိ အကုန်မီတယ်။ အဲ တစ်ခုမှတ်မိသေးတယ် မှတ်မိတာလေး ပြောဦးမယ် ဂျပန်ခေတ်က ဆို ဂျပန်ပိုက်ဆံနဲ့ ဈေးတောင်ဝယ်ဖူး သေးတယ်။ အခြားဈေးဝယ်တာတော့ မန္တ လေးဈေးချိုကိုသွားပြီး ဈေးဝယ်ဖူးပါတယ်။ အဲဒီတုန်းက ပိုက်ဆံနှစ်ကျပ်လောက်ပါရင် ငါးခြောက်ငါးခြမ်းနဲ့ ဆီ၊ ဆန်တို့ပါ ၀ယ်လို့ ရတယ်။ အသက်(၁၀)နှစ်လောက်က အဖေ က ဆေးလိပ်မီးညှိခိုင်းရင်းနဲ့ ဆေးလိပ် သောက်တတ်သွားတယ်။ အခုတော့ တစ် နေ့ကို ရွှေမန်းသူနဲ့ မိသားစု ဆေးပေါ့လိပ် နှစ်လိပ်လောက်တော့သောက်ဖြစ်တယ်။ ငယ်ငယ်တုန်းကတော့ အငြိမ့်တို့ဇာတ်တို့ ကြည့်ဖူးပါတယ်။ အထူးသဖြင့်တော့ အောင် ကျော်ညွန့်တို့  ဖိုးစိန်ကြီးတို့ အောင်မောင်း တို့ ရွှေမန်းတင်မောင်တို့အထိ ကြည့်ဖူး တယ်။ ဘုရားကြီးကိုတော့ ငယ်ငယ်က ခင်ကုန်းရွာကနေ ဈေးရောင်းရင်း မကြာ မကြာ ဖူးဘူးပါတယ်။ အဘွားက အသက် (၂၀)လောက်ကတည်းက သားကြီးငါးကြီး မစားတော့ဘူး။ တောဟင်း၊ တောထမင်း များများစားတယ်။ အဓိကကတော့ ချဉ် ပေါင်ရွက်တို့ နှမ်းဖတ်ချဉ်တို့ ငါးမှုန်လေး တွေလောက်ပဲ စားတယ်။ မန္တလေးမြို့က လုပ်တဲ့ သက်ကြီးပူဇော်ပွဲ အခမ်းအနား တိုင်းမှာ အသက်ကြီးဆုံးအနေနဲ့ ယနေ့ အချိန်ထိ တက်ရောက်နိုင်သေးတယ်။ အခု တော့ တောင်ဝှေးကို အားပြုပြီးသွားရတာ ပေါ့။ အလှူအတန်းအနေနဲ့ကတော့ ဘုန်း ကြီးကျောင်းဆောင်အတွင်း ဆွမ်းစား ဆောင်အပါအ၀င် အခြား ပရိဘောဂများ ကိုလဲ လှူဒါန်းနိုင်ခဲ့ပါတယ်''ဟု ဘွားသက် ရှည်က ဆိုသည်။
    ဘွားသက်ရှည် ဒေါ်မြကြည်အိမ် ကို သွားမယ်ဆိုရင် ရန်ကုန်- မန္တလေးကား လမ်းမကြီးကနေ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၂)ကို ရောက်တာနဲ့ ကနောင် မင်းသားကြီးလမ်းကို တွေ့ရမယ်။ ကနောင် မင်းသားကြီး လမ်းကနေ အရှေ့ဘက် တည့်တည့်သွားပြီး ၄၉လမ်းရောက်ရင် ညာဘက်ကို ချိုးရမှာဖြစ်ပါတယ်။ မန္တလေး အခေါ် ၄၉လမ်းကနေ တောင်ဘက်ကို ဆက်သွားရင် တံတားတစ်စင်းတွေ့ရပါလိမ့် မယ်။ အဲဒီတံတားကနေ အရှေ့ဘက် ဆည်တော်ကြီးမြောင်းခွဲအတိုင်း လိုက်သွား ရင် နောက်တံတားတစ်စင်းတွေ့ဦးမယ်။ အဲဒီတံတားကနေ အရှေ့ဘက်စူးစူးကို လှမ်းကြည့်လိုက်ရင် ထန်းပင်အုပ်နဲ့တွေ့တဲ့ ရွာကတော့ ဘွားသက်ရှည်ဒေါ်မြကြည် ရွာပဲဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

No comments: