Thursday, August 26, 2010

ရန်ကုန်တိုင်းစုပေါင်းရုံးမှ ဌာနအချို့ ပြည်လမ်းမပေါ်ရှိ ယခင်လွှတ်တော် အဆောက်အအုံသို့ ပြောင်းရွှေ့မည်

 ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဘဏ်လမ်းရှိ ရန်ကုန်တိုင်း စုပေါင်းရုံးတွင် ရုံးထိုင်လျက်ရှိသော ဌာနအချို့မှာ ဒဂုံမြို့နယ် ပြည်လမ်းမပေါ်ရှိ  ရွှေတိဂုံစေတီ အနောက်ဖက်မုဒ် ပြည်သူ့ရင်ပြင်ပန်းခြံ နှင့်မျက်နှာချင်းဆိုင်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး(ယခင်လွှတ်တော် အဆောက်အအုံ) သို့ ပြောင်းရွှေ့ရုံးထိုင်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

ပြောင်းရွှေ့ရုံးထိုင်မည့် စုပေါင်းရုံးမှ ဌာနများမှာ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်တိုင်း စည်ပင်သာယာ ရေးဦးစီးဌာနတို့ဖြစ်ပြီး ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနလည်း ပါဝင်ကြောင်း သိရှိရသည်။ စုပေါင်းရုံးတွင် ရုံးထိုင်ခဲ့သော ရန်ကုန်တိုင်း ကော်မရှင် အဖွဲ့ခွဲရုံးလည်း လိုက်ပါပြောင်းရွှေ့ ရုံးထိုင်မည့်ရက်ကိုမူ အတိအကျ မသိရှိသေးကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင်မူ အဆိုပါဌာနများ ပြောင်းရွှေ့ရန်အတွက် ရှင်းလင်းမှု လုပ်ငန်းများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။ ယင်းဌာနများ လွှတ်တော်ရုံးသို့ ပြောင်းရွှေ့ရုံးထိုင်မည် ဖြစ်သည့်အတွက် ရန်ကုန်တိုင်း စုပေါင်းရုံးတွင် ရန်ကုန်တိုင်း တရားလွှတ်တော်နှင့် တိုင်းဥပဒေရုံးနှစ်ခုသာ ရုံးထိုင်ကျန်ရှိမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments: