Thursday, September 29, 2011

နော်အုန်းလှနှင့်အဖွဲ့ န၀ဒေးရုပ်ရှင်ရုံအနီး နိုင်ငံရေးလှုပ်ရှားမှု ဖြစ်ပွား

ရန်ကုန် (၂၆.၉.၂၀၁၁)

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု လေးနှစ်မြောက် ဖြစ်တဲ့ ယနေ့နေ့လည်မှာ ရန်ကုန်မြို့တော်တ၀ိုက် လှုပ်ရှားမှု တချို့ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ တူညီဝတ်စုံ ၀တ်ဆင်ထားသူ ၁၀၀ ခန့်ဟာ မြောက်ဥက္ကလာကနေ ရန်ကုန်မြို့လယ်ကို သွားရောက် စုဝေးလှုပ်ရှားဖို့ အသွားမှာ လုံခြုံရေးတွေရောက်ရှိတားဆီးခဲ့တာလို့လည်း သိရပါတယ်။
”နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တီရှပ်ဆင်တူဝတ်ဆင်ထားတဲ့ လူ ၁၀၀ ကျော်က လူစုပြီး မြို့ထဲကို ချီတက်ဖို့ လုပ်နေတာဗျ။ အဲဒီအချိန်မှာ လုံခြုံရေး ရဲကားတွေ ရောက်လာပြီး ပိတ်တားကြတာ” လို့ ရန်ကုန်မြို့ မြောက်ဥက္ကလာ န၀ဒေးလမ်းဆုံ၊ န၀ဒေး ရုပ်ရှင်အနီးမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို မြင်တွေ့ခဲ့ရသူတဦးက ပြောပြပါတယ်။
လုံခြုံရေးရဲကား (၇)စီးခန့် လာရောက်တာဆီးခဲ့တာဖြစ်ပြီး စုစုပေါင်း လုံခြုံရေးအင်အား ၃၀၀ နီးပါးရှိတယ်လို့လည်း သိရပါတယ်။ စုပေါင်းလှုပ်ရှားဖို့ လူစုပြီး မြို့ထဲသွားဖို့ ကားတွေပေါ် ရောက်ရှိနေချိန်မှာ လုံခြုံရေးတွေက ၀ိုင်းဝန်းပိတ်ဆို့လိုက်တာ ဖြစ်ပြီး ရှေ့ဆက်တိုးခွင့်မရအောင် အင်အားအပြည့်နဲ့ တားမြစ်တဲ့ အပြင် လူ ၃ယောက်တတွဲ ၄ ယောက်တတွဲ လူစုခွဲစေခဲ့တယ်လို့လည်း သိရပါတယ်။
စုဝေးလှုပ်ရှားသူတွေက....ရွှေဝါရောင် တော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ် နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ကိစ္စနဲ့၊ ဧရာဝတီအရေးကိစ္စ စတဲ့ အချက်တွေကို တောင်းဆိုဖို့ ဖြစ်တယ်လို့လည်း သိရပြီး အင်အား ၁၀၀ ကျော်ရှိတဲ့ ယခုလှုပ်ရှားသူတွေထဲကို နော်အုန်းလှ က ဦးဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိအချိန်အထိ အခြေအနေတွေဟာ ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့တာမရှိပဲ ပြေပြေလည်လည် ဆွေးနွေးညှိနှိုင်းလုစုခွဲခဲ့ကြတယ်ဆိုပေမယ့် နောက်ထက် ဒီလို လှုပ်ရှားဆောင်ရွက်မှုတွေ တခြားအဖွဲ့၊ တခြားနေရာတွေမှာ ဆက်ဖြစ်လာနိုင်ခြေရှိတယ်လို့လည်း ခန့်မှန်းပြောဆိုနေတာတွေရှိနေပါတယ်။
(ရန်ကုန်အထူးသတင်းထောက်)

No comments: